ဤစာ၏အဖွဲ့သည်ရိုးရိုး လေးလုံးစပ်လင်္ကာဖြစ်၏ ။ အင်းဝခေတ် သက္ကရာဇ် ၈၅၀ လောက်က ရှင်မဟာရဋ္ဌသာရ ရေးခဲ့သော “ ဂမ္ဘီသာရပျို့မှ ” ကောက်နှုတ်ချက်ဖြစ်၏ ။ ဆရာတော်က တပည့်သာမဏေငယ်တို့အား လူမှုကျင့်ဝတ်တို့နှင့်ညီညွတ်စေရန် လိမ္မာရေးခြားရှိစေရန် ရည်ရွယ်ပြီး စပ်ဆိုခဲ့သောဆုံးမစာများဖြစ်ပါသည် ။
( ၁ ) အစ်ကိုကြီးအား ညီငယ်များလည်း စကားနှုတ်ဆက် ဘက်၍မဆို ရိုသေလှစေ ကိုကြီးအစ်မ သည်နှစ်ဝကို မိဘကဲ့သို့မှတ်ပါလေ ။
( ၂ ) သေသူရှင်ဘက် ဆောင်ရွက်မကင်း အချင်းချင်းတွင် အခင်းကြီးငယ် ရှိခါဝယ်လည်း မဖယ်မသွေ ညီညာကုန်း၍ရုန်းကြလေ ။
( ၃ ) တယောက်စကား တယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ ။
( ၄ ) မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ ။
( ၅ ) သေနှင့်အရက် စီးပွါးဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရေ ။
( ၆ ) ကိုယ်နှင့်လည်းစာ သတ္တ၀ါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ ။
( ၇ ) သူ၏ဥစ္စာ သူ့ဘဏ္ဍာကို ၊ မေတ္တာမရှေး ၊ သူမပေးက ဆေးတစ်အိုးမျှ မယူကြနှင့် ၊ ရှောင်ကြပါလေ ၊ ကာမေမိစ္ဆာ ။
( ၈ ) သူ့ကိုမမှား ၊ မလှည့်စားနှင့် ၊ စကားစမြည် ၊ မြွတ်သည်စစ ၊ ပြောသမျှကိုမှန်လှစေ ။
( ၉ ) ဘုရားတရား ၊ မြတ်ဖျားသံဃာ ၊ အရိယာကို မကွာနေ့ည ၊ ဟတ္ထအဉ္ဇလီ မြှောက်ပင့်ချီသည် ၊ ကိုယ်စီနေ့ည ၊ ကိုးကွယ်ကြ ။
( ၁၀ ) သူတော်ကောင်းနှင့် ၊ ပေါင်းဖေါ်ရှင်တွဲ ၊ လူမိုက်မဲကို ၊ ရှောင်လွှဲပါလေ ဤသူအမြတ် ၊ ဤသူလတ်က ၊ ညစ်ထပ်ကြမ်းကြုတ် ၊ ဤသူယုတ်ဟု အဟုတ်အမှန် ၊ မသွေလှန်သည် ၊ ဧကန်ဆတ်ဆတ် ၊ လူသုံးရပ်ကိုသိတတ်စေ ။
( ၁၁ ) ငြိမ်သက်ဣနြေ္ဒ ၊ တည်ကြည်ထွေဖြင့် ၊ သန္ဓေကောင်းမွန် ၊ လွန်တော်မှန်လျှက် စိတ်မာန်မနှောင့် ၊ နှုတ်လက်စောင့်သည် ၊ သူကောင်းသွေးရည်ပီလှစေ ။
( ၁၂ ) ရပ်သူရွာသား ၊ သူကောင်းများ၏ ၊ နားမှာမဆံ့ ၊ မခန့်မလေး ၊ သူမုန်းဆေးလျှင် ၊ ဆဲရေးညစ်ညစ် ၊ ကိုယ်လက်နွမ်းအောင် ၊ အသွမ်းမကျင့်ကြလေနှင့် ။
( ၁၃ ) အတည်အကျွေး ၊ အပေးအကမ်း ၊ သေခန်းရှင်ခန်း ၊ လူတို့တမ်းကို အော်အမ်းနိုင်ထွေ ၊ လောက၀တ်လည်း ၊ သိတတ်စေ ။
( ၁၄ ) သူ၏စီးပွါး ၊ ငါ့စီးပွါးကို ၊ ထောက်ထားမိစေ ၊ ကြီးလောဘကို ၊ မျှတစေ ။
( ၁၅ ) မမွှေမနှောက် ၊ မကောက်မကျစ် ၊ မလိမ်လစ်ဘဲ မစဉ်းလဲနှင့် စိတ်ထဲဖြောင့်စေ ၊ သူ့အကျင့်လည်းသိတတ်စေ ။
( ၁၆ ) ဟုတ်သောအကြံ ၊ မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးကို ၊ စွဲသုံးသောထွေ ၊ မှန်လှစေ ။
( ၁၇ ) ကျိုးကြောင်းစကား ၊ ပြောဆိုငြားသော် ၊ လျင်လျှားဆွေးနွေး ၊ ဆိုရေးလိမ္မာ ပညာရှိအား ၊ ကိုယ်တိုင်သွား၍ ၊ စကားလိုက်လျှော ၊ စစပြော၍ ၊ နှီးနှောလေ ။
( ၁၈ ) မှတ်ဖွယ်မှတ်ရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖတ် ။
( ၁၉ ) ဖတ်ပြန်သော်ကား ၊ ဖတ်ဖန်များက ၊ သားမယားပင် ၊ သိမြင်ကင်းကွာ မလိမ္မာလည်း ၊ စာပေစကား ၊ နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည့် ။
( ၂၀ ) ရင်ဝယ်ဖြစ်ငြား ၊ မွေးသည့်သားကို ၊ မယ်ဘွားမိခင် ၊ ဆုံးမသင်သို့ အကြင်ဆရာ ၊ ထိုသူငါကို ၊ လိမ္မာကြောင်း ၊ ကောင်းပါစေလို ၊ ဆိုပါသမျှ ၊ သြ၀ါဒကို နားမျှမထောင် ၊ မကြားယောင်သို့ ၊ မောင်တို့ပြုက ၊ ယခုပစ္စုပ္ပန် ၊ နောင်သံသရာ ဆက်များစွာ၌ ၊ ချမ်းသာမည့်ရေး ၊ အလွန်ဝေးသည် ၊ သေဘေးမလွဲ ၊ ၀ဋ်ဆင်းရဲမှ ရွှေခဲဘယ်နှယ် ၊ အသွယ်သွယ်ကို ၊ လွဲဖယ်ကြံစည် ၊ လွှတ်ပါမည် ၊ နားလည်စေကြောင်း သို့ကျင့်ကောင်းစွ ၊ သောင်းပြောင်းနှံ့စပ် ၊ သည်တိုင်းမှတ်ဟု ၊ ထေရ်မြတ်ဆရာ ရဋ္ဌ သာလျှင် ၊ ပညာရကြောင်း ၊ ဥာဏ်နှင့်လောင်း၍ ၊ ရုံးပေါင်းဆင်ခြင် ၊ ဆုံးမသင်သည် ၊ ဤတွင်တခန်း ၊ ပြီး၏သော် .......... ။ .......... ။
jeudi 31 juillet 2008
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire