jeudi 31 juillet 2008

ရှင်မဟာရဋ္ဌသာရ ၏ “ လှလွန်းဆွေ ”


လှလွန်းဆွေ ( ဧကပိုဒ် ရတု )

မြတ်မျိုးမြင့်မှန် ၊ ကြင်ပေတန်၍ ၊ ရွယ်ရန်ရည်ရင့် ဆင်တိုင်းတင့်သား ၊ နတ်နှင့်နှုန်းနှုန်း ၊ ၀င်းငြိမ့်ရွှန်း၍ လှလွန်းလွန်းလှည့် ၊ ငါးကြန်ပြည့်ကို ၊ ဖျော်ဖြည့်ဖြေဖျောက် ကြိမ်ကြိမ်လျှောက်လည်း ပြစ်ပျောက်ပျို့ပျို့
ဖြူ မြိတ်စို့နှင့်
၊ သူသို့သွေသည် ၊ ဟုတ်မည်မှန်းဘွယ် ၀မ်းဝယ်ဝိုးဝါ: ၊ စိတ်လွင့်ပါး၍ ၊ ကြိုးကြားကြံကာ ၊ ဂိမှာသန်ဆောင် ၊ ချောင်းချောင်းခခ ၊ ကာလရှည်ဖင့် မျိုးမြတ်မြင့်သည် ၊ လွမ်းလင့်လွန်လှည့်လေလိမ့်လော ..... ။

ခတ်ဆစ်အဖြာဖြာ

( ၁ ) ကြင်ပေတန် = ချစ်ခင်ကြင်နာယုယရန် ထိုက်တန်လှပေသည် ။ ( ၂ ) နှုန်းနှုန်း = နှိုင်းနှိုင်း = နှိုင်းယှဉ်သည် ။ ( ၃ ) ငါးကြန်ပြည့် = ကြန်အင်္ဂါလက္ခဏာငါးပါးပြည့်စုံသူ ။ ကောင်းခြင်းငါးဖြာပြည့်ဝသူ ။ ( ၄ ) ပြစ်ပျောက်ပျို့ပျို့ = အပြစ်များသည် ကင်းရှင်းလွန့်ပျောက်လျှက် နှစ်သက်ခင်မင်စရာ ချစ်ခင်စရာတို့ဖြင့် ပြည့်စုံသောသူ ။ ( ၅ ) ဖြူမြိတ်စို့ = ပေါရာဏစကား = ဖြူမြိတ် ၊ မြိတ်ဖြူ ၊ မြိတ်စို့ ဟူသောဆံထုံး ။ ( ၆ ) ၀ိုးဝါး (ပေါ ) = ၀ိုးတိုးဝါးတား ၊ မထင်မရှား ၊ မပြတ်မသား ၊ ဒွိဟသံသယစိတ် ။ ( ၇ ) ကြိုးကြား = အကြိုအကြား ၊ ရံဖန်ရံခါ ၊ အချိန်ရသည့်အခါတိုင်း ။ ( ၈ ) ဂိမှာ = ပါဠိစကား = ဂိမှာန = နွေဥတု ။ ( ၉ ) သန် = ၀ဿာန = ၀ဿန် = မိုးဥတု ။
ရှင်းလင်းချက်

အမျိုးအနွယ်အားဖြင့်မြင့်မြတ်သော အမျိုးအနွယ်မှဆင်းသက်ပေါက်ဖွားလာသော “လှလွန်းဆွေ ” ကိုချစ်ခင်ကြင်နာယုယရန် သင့်ထိုက်လှပါသောကြောင့် ကာလရှည်ကြာစွာကပင် ရည်ရွယ်၍ ချစ်ခင်ခဲ့ရပါသည် ။ ပြင်ဆင်လေတိုင်း လှပသောသူဖြစ်ပါသည် ။ ကြင်နာသနားထိုက်သောသူ လေးပင်ဖြစ်တော့သည် ။ ညက်ညော၍ ၀င်းဝင်းပပ တောက်ပနေသော အသားအရည်ရှိသဖြင့်လည်း ၄င်းကို နတ်သ္မီး အလှနှင့်ပင် ခိုင်းနှိုင်းပါကလည်း နှိုင်းယှဉ်ထိုက်သောသူတစ်ယောက်ဖြစ်နေပါတော့သည် ။ ကြန်အင်္ဂါလက္ခဏာငါးပါး ကောင်းခြင်းငါးဖြာတို့ဖြင့် ပြည့်ဖြိုးနေသော အလွန့်အလွန် လှပနေသော သူလေးကိုအမျိုးမျိုး အဖုံဖုံ မေတ္တာမျှပါရန် အကြိမ်ကြိမ်လျှောက်ထားခဲ့ပါသည် ။ သို့ပါသော်လည်း “လှလွန်းဆွေ ”သည် စာဆိုအား မယုံသင်္ကာဖြစ်နေပါသည် ။ မယုံသင်္ကာ ဖြစ်နေပုံမှာ အပြစ်များလုံးဝကင်းစင်၍ နှစ်သက်စဖွယ်ကောင်းလှသော မြိတ်စို့ဆုံထုံးပိုင်ရှင် အခြားမိန်းကလေးတစ်ဦးနှင့် မေတ္တာသက်ဝင်နေသည် ။ “ လှလွန်းဆွေ ” အပေါ်၌မေတ္တာ သွေဖည်နေသည်ဟု အထင်အရှား ဟုတ်မှန်ပေမည် ..... ဟု ယူဆပြီး၎င်း၏စိတ်ထဲတွင် သင်္ကာမကင်းဖြစ်နေပြီး အထင်အရှား ကြံစည်စဉ်းစား စိတ်လွန့်ပါးနေပါတော့သည် ။ ထို့ကြောင့်စာဆိုသည် “ လှလွန်းဆွေ ” အား နွေမိုးဆောင်း ဥတုသုံးပါးလုံး အချိန်ရသမျှ မေတ္တာမျှရန် ကြံစည်ကြိုးစားခဲ့ရသည်မှာ ကာလပင်အလွန်ရှည်ကြာ နှေးဖင့်နေပါသည် ။ ထိုသို့ကာလရှည်ကြာနှေးဖင့်နေသဖြင့်လည်း “ လှလွန်းဆွေ ” သည် စာဆိုအား လွမ်းရှာနေပေလိမ့်မည် ..... ဟုတွေးထင်မိပါတော့သတည်း ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ