mercredi 30 juillet 2008

ဘီတီအာ

ပခုက္ကူ ခရိုင်မြို့ရဲ့ သက်တမ်းက နှစ် ၁၂၀ ပြည့်ပြီ ။ ဒါက မြို့တည်နှစ်တော့မဟုတ်ဘူး .....
သမိုင်းအရ ပုဂံ နဲ့ ပုခန်း ရဲ့ ကြားထဲမှာရှိတဲ့ ပခုက္ကူ ဟာ ပခုက္ကူ အနေနဲ့ ရပ်တည် လာတာ ....
သမိုင်းအထောက်အထား အတိအကျတော့ မသိနိုင်သေးဘူး .... သေချာတာကတော့ .....
ဒီထက်ပိုစောစောကတည်းက ဖြစ်တည်နေခဲ့တာပါပဲ .....

အခုရေးချင်တာက 1918ခုနှစ်က စခဲ့တဲ့ ပခုက္ကူရဲ့ အ . ထ . က ( ၁ ) ရဲ့ မဟာသမိုင်းကြောင်း .....
သန္ဓေ တည်လာတာက B . T . R ( Buddha Tharthana Rekkhita Angelo Vernacular
High School ) ဗုဒ္ဓသာသနာ့ရက္ခိတ (စောင့်ရှောက်သော ) အထက်တန်ကျောင်း .....
အခုဆိုရင် အနှစ် ( ၉၀ ) ပြည့်ခဲ့ပြီ ......

B . T . R ကျောင်းကို 1918 ခုနှစ်က ပခုက္ကူမြို့ မင်းဝိုင်း ( မြစန္ဒာရုပ်ရှင်ရုံဟောင်းနေရာ ) မှာစပြီး
ဖွင့်လှစ်ခဲ့ကြသည် ။ ထိုနေရာမှာ ဆရာကြီးဦးကျော် (အ . က . က . ၁) အင်္ဂလိပ်စာပြဆရာကြီး၏
ဘိုးဘွားမိဘများပိုင်ဆိုင်သော နေရာဟုသိရသည် ။ ထိုမှ ယခု အထက-၁ နေရာ
မန်းကျည်းတန်းရပ် အမှတ် ( ၇ ) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြသည် ။

ပခုက္ကူမြို့တွင် ဘီတီအာ ကျောင်းမပေါ်မီကပင် Wesley Mission School တည်ထောင်ဖွင့်လှစ်ပြီး
ဖြစ်သည် ။ ထိုအချိန်က အင်္ဂလိပ်တို့သည် 1. Missionary 2 . Merchant 3 . Military
3M ) ဖြင့် နေမ၀င်အင်ပါယာကြီးကိုတည်ထောင်နေချိန်ဖြစ်သည် ။

အမျိုးဘာသာသာသနာကို ချစ်ခင်မြတ်နိုးစောင့်ရှောက်လိုသော ပခုက္ကူမြို့မိမြို့ဖများသည်
ဝက်စလီကျောင်းများ ဖွံ့ဖြိုးကြီးထွားလာပါက လူမျိုးဘာသာသာသနာဓလေ့ထုံးစံများ
မှေးမှိန်ပျောက်ကွယ်မည်ကိုစိုးသောကြောင့် စုဝေးတိုင်ပင်ညီညွတ်ကြ ပြီး ၀က်စလီကျောင်းနှင့်အပြိုင်
ဘီတီအာ ကျောင်းကို ကြိုးစားအကောင်အထည်ဖေါ်တည်ထောင်ခဲ့ကြသည် ။

ဝက်စလီကျောင်းများတွင် Church များပါဆောက်လုပ်ဖွင့်လှစ်သကဲ့သို့ ဘီတီအာကျောင်းတွင်လည်း
ဘာသာသာသနာ အရှည်တည်တန့်နိုင်ရန် ကောင်းမြတ်သောရည်ရွယ်ချက်များနှင့်
ဘုရားဝတ်တတ်ရန် ဓမ္မာရုံကို စေတနာရှင် သမ္မာဆန္ဒဆီစက်ကုမ္ပဏီ ပိုင်ရှင်ဦးမောင်လေး မှ
ဆောက်လုပ်လှုဒါန်းခဲ့သည် ။

ဘီတီအာကျောင်းသည် 1918 ခုနှစ်တွင်တည်ထောင်နိုင်သဖြင့် အမျိုးသားကျောင်းများ
( National School ) ထက် စောစွာ ဖွင့်လှစ်နိုင်ခဲ့သည် ။

ထိုအချိန်က ၀က်စလီကျောင်းနှင့် ဘီတီအာကျောင်းသည် သင်ရိုးညွှန်းတမ်းတစ်ခုတည်း
စာမေးပွဲတစ်ခုတည်း သင်ကြားဖြေဆိုရကြောင်းသိရသည် ။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးလာရာ ကျောင်းများအားလုံးပိတ်လိုက်ကြရသည် ။
၁၉၄၂ ခု နှစ် အကုန်လောက်တွင်အခြားကျောင်းများနည်းတူ ဘီတီအာကျောင်းလည်း
ပိတ်ထားခဲ့ရသည် ။

ထိုခေတ်ထိုအခါက .... ၁ ။ အစိုးရကျောင်း ( Government School )
၂ ။ အထောက်ပံ့ခံကျောင်း ( Aided School ) .... ထိုအထဲတွင် ဘီတီအာအသည်
အထောက်အပံ့ခံကျောင်းအမျိုးအစားတွင်ပါဝင်သည် ။ အထောက်ပံ့ခံကျောင်းဆိုသည်မှာ
ကျောင်း၏ကုန်ကျစရိတ်များမှ ကောက်ခံရှိသော ကျောင်းလခငွေများကို ခုနိမ်ပြီး
လိုငွေကို အစိုးရမှ သုံးပုံနှစ်ပုံ ၊ ကျန်သုံးပုံတစ်ပုံကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ
ထည့်ဝင်ကြရသည် ။ လိုအပ်သောရံပုံငွေကို မြို့မိမြို့ဖများမှအလှုခံပြီးပုံမှန်အားဖြင့်
တရုပ်ကုန်တိုက်ကြီးများနှင့် တိုက်ရိုက်ဆက်သွယ်သော တရုပ်ကုန်သည်များနှင့်
မြန်မာကုန်သည်များမှ အလှုငွေများလှုဒါန်းခဲ့ကြသည် ။ အရေးပေါ်လိုအပ်လျှင်လိုအပ်သလို
အလှုငွေများ လိုက်လံကောက်ယူပြီး လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းဖြင့် အရှိန်အဟုန်
မပျက် ဆက်လက်ရပ်တည်နိုင်ခဲ့ကြသည် ။ နောက်တစ်မျိုးရန်ပုံငွေမှာ ကျောင်းဆရာများနှင့်
ဝန်ထမ်းများကိုခန့်ထားရာတွင် ၄င်းတို့လစာငွေများကို အစိုးရသက်မှတ်သည့်နှုန်းထားအတိုင်း
လစာ စာရင်းမှာဖေါ်ပြထားသော်လည်း အမှန်တစ်ကယ်ရရှိသည့်လစာမှာ ခန့်ထားစဉ်အခါက
အဖွဲ့အစည်းနှင့် သဘောတူ သက်မှတ်ထားသော လစာကိုသာရရှိသည် ။

ပညာသင်ကြားရေးတွင်ထိုခေတ်ထိုအခါက သုံးမျိုးရှိခဲ့သည် ။
1 . European School ( အင်္ဂလိပ်စာသပ်သပ်သင်ကျောင်း )
2 . Anglo Vernacular School ( အင်္ဂလိပ်-မြန်မာစာသင်ကျောင်း )
3 . National School ( အမျိုးသားစာသင်ကျောင်း )
ဝက်စလီကျောင်းနှင့် ဘီတီအာ ကျောင်းများမှာ အင်္ဂလိပ်-မြန်မာစာနှစ်ဘာသာသင်ကျောင်း
အမျိုးအစားထဲတွင်ပါဝင်ပါသည်

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ