jeudi 31 juillet 2008

ရှင်မဟာရဋ္ဌသာရ ၏ “ ဆုံးမစာ ”

ဤစာ၏အဖွဲ့သည်ရိုးရိုး လေးလုံးစပ်လင်္ကာဖြစ်၏ ။ အင်းဝခေတ် သက္ကရာဇ် ၈၅၀ လောက်က ရှင်မဟာရဋ္ဌသာရ ရေးခဲ့သော “ ဂမ္ဘီသာရပျို့မှ ” ကောက်နှုတ်ချက်ဖြစ်၏ ။ ဆရာတော်က တပည့်သာမဏေငယ်တို့အား လူမှုကျင့်ဝတ်တို့နှင့်ညီညွတ်စေရန် လိမ္မာရေးခြားရှိစေရန် ရည်ရွယ်ပြီး စပ်ဆိုခဲ့သောဆုံးမစာများဖြစ်ပါသည် ။
( ၁ ) အစ်ကိုကြီးအား ညီငယ်များလည်း စကားနှုတ်ဆက် ဘက်၍မဆို ရိုသေလှစေ ကိုကြီးအစ်မ သည်နှစ်ဝကို မိဘကဲ့သို့မှတ်ပါလေ ။
( ၂ ) သေသူရှင်ဘက် ဆောင်ရွက်မကင်း အချင်းချင်းတွင် အခင်းကြီးငယ် ရှိခါဝယ်လည်း မဖယ်မသွေ ညီညာကုန်း၍ရုန်းကြလေ ။
( ၃ ) တယောက်စကား တယောက်နားမှာ မခါးရအောင် သတိဆောင်၍
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ ။
( ၄ ) မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ ။
( ၅ ) သေနှင့်အရက် စီးပွါးဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့်
ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရေ ။
( ၆ ) ကိုယ်နှင့်လည်းစာ သတ္တ၀ါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ ။
( ၇ ) သူ၏ဥစ္စာ သူ့ဘဏ္ဍာကို ၊ မေတ္တာမရှေး ၊ သူမပေးက ဆေးတစ်အိုးမျှ
မယူကြနှင့် ၊ ရှောင်ကြပါလေ ၊ ကာမေမိစ္ဆာ ။
( ၈ ) သူ့ကိုမမှား ၊ မလှည့်စားနှင့် ၊ စကားစမြည် ၊ မြွတ်သည်စစ ၊ ပြောသမျှကိုမှန်လှစေ ။

( ၉ ) ဘုရားတရား ၊ မြတ်ဖျားသံဃာ ၊ အရိယာကို မကွာနေ့ည ၊ ဟတ္ထအဉ္ဇလီ
မြှောက်ပင့်ချီသည် ၊ ကိုယ်စီနေ့ည ၊ ကိုးကွယ်ကြ ။
( ၁၀ ) သူတော်ကောင်းနှင့် ၊ ပေါင်းဖေါ်ရှင်တွဲ ၊ လူမိုက်မဲကို ၊ ရှောင်လွှဲပါလေ ဤသူအမြတ် ၊ ဤသူလတ်က ၊ ညစ်ထပ်ကြမ်းကြုတ် ၊ ဤသူယုတ်ဟု အဟုတ်အမှန် ၊ မသွေလှန်သည် ၊ ဧကန်ဆတ်ဆတ် ၊ လူသုံးရပ်ကိုသိတတ်စေ ။
( ၁၁ ) ငြိမ်သက်ဣနြေ္ဒ ၊ တည်ကြည်ထွေဖြင့် ၊ သန္ဓေကောင်းမွန် ၊ လွန်တော်မှန်လျှက်
စိတ်မာန်မနှောင့် ၊ နှုတ်လက်စောင့်သည် ၊ သူကောင်းသွေးရည်ပီလှစေ ။
( ၁၂ ) ရပ်သူရွာသား ၊ သူကောင်းများ၏ ၊ နားမှာမဆံ့ ၊ မခန့်မလေး ၊
သူမုန်းဆေးလျှင် ၊ ဆဲရေးညစ်ညစ် ၊ ကိုယ်လက်နွမ်းအောင် ၊ အသွမ်းမကျင့်ကြလေနှင့် ။
( ၁၃ ) အတည်အကျွေး ၊ အပေးအကမ်း ၊ သေခန်းရှင်ခန်း ၊ လူတို့တမ်းကို
အော်အမ်းနိုင်ထွေ ၊ လောက၀တ်လည်း ၊ သိတတ်စေ ။
( ၁၄ ) သူ၏စီးပွါး ၊ ငါ့စီးပွါးကို ၊ ထောက်ထားမိစေ ၊ ကြီးလောဘကို ၊ မျှတစေ ။

( ၁၅ ) မမွှေမနှောက် ၊ မကောက်မကျစ် ၊ မလိမ်လစ်ဘဲ
မစဉ်းလဲနှင့် စိတ်ထဲဖြောင့်စေ ၊ သူ့အကျင့်လည်းသိတတ်စေ ။
( ၁၆ ) ဟုတ်သောအကြံ ၊ မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး
သူတော်ထုံးကို ၊ စွဲသုံးသောထွေ ၊ မှန်လှစေ ။
( ၁၇ ) ကျိုးကြောင်းစကား ၊ ပြောဆိုငြားသော် ၊ လျင်လျှားဆွေးနွေး ၊ ဆိုရေးလိမ္မာ ပညာရှိအား ၊ ကိုယ်တိုင်သွား၍ ၊ စကားလိုက်လျှော ၊ စစပြော၍ ၊ နှီးနှောလေ ။
( ၁၈ ) မှတ်ဖွယ်မှတ်ရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖတ် ။

( ၁၉ ) ဖတ်ပြန်သော်ကား ၊ ဖတ်ဖန်များက ၊ သားမယားပင် ၊ သိမြင်ကင်းကွာ
မလိမ္မာလည်း ၊ စာပေစကား ၊ နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည့် ။
( ၂၀ ) ရင်ဝယ်ဖြစ်ငြား ၊ မွေးသည့်သားကို ၊ မယ်ဘွားမိခင် ၊ ဆုံးမသင်သို့
အကြင်ဆရာ ၊ ထိုသူငါကို ၊ လိမ္မာကြောင်း ၊ ကောင်းပါစေလို ၊ ဆိုပါသမျှ ၊ သြ၀ါဒကို နားမျှမထောင် ၊ မကြားယောင်သို့ ၊ မောင်တို့ပြုက ၊ ယခုပစ္စုပ္ပန် ၊ နောင်သံသရာ ဆက်များစွာ၌ ၊ ချမ်းသာမည့်ရေး ၊ အလွန်ဝေးသည် ၊ သေဘေးမလွဲ ၊ ၀ဋ်ဆင်းရဲမှ ရွှေခဲဘယ်နှယ် ၊ အသွယ်သွယ်ကို ၊ လွဲဖယ်ကြံစည် ၊ လွှတ်ပါမည် ၊ နားလည်စေကြောင်း သို့ကျင့်ကောင်းစွ ၊ သောင်းပြောင်းနှံ့စပ် ၊ သည်တိုင်းမှတ်ဟု ၊ ထေရ်မြတ်ဆရာ ရဋ္ဌ သာလျှင် ၊ ပညာရကြောင်း ၊ ဥာဏ်နှင့်လောင်း၍ ၊ ရုံးပေါင်းဆင်ခြင် ၊ ဆုံးမသင်သည် ၊ ဤတွင်တခန်း ၊ ပြီး၏သော် .......... ။ .......... ။

ရှင်မဟာရဋ္ဌသာရ ၏ “ လှလွန်းဆွေ ”


လှလွန်းဆွေ ( ဧကပိုဒ် ရတု )

မြတ်မျိုးမြင့်မှန် ၊ ကြင်ပေတန်၍ ၊ ရွယ်ရန်ရည်ရင့် ဆင်တိုင်းတင့်သား ၊ နတ်နှင့်နှုန်းနှုန်း ၊ ၀င်းငြိမ့်ရွှန်း၍ လှလွန်းလွန်းလှည့် ၊ ငါးကြန်ပြည့်ကို ၊ ဖျော်ဖြည့်ဖြေဖျောက် ကြိမ်ကြိမ်လျှောက်လည်း ပြစ်ပျောက်ပျို့ပျို့
ဖြူ မြိတ်စို့နှင့်
၊ သူသို့သွေသည် ၊ ဟုတ်မည်မှန်းဘွယ် ၀မ်းဝယ်ဝိုးဝါ: ၊ စိတ်လွင့်ပါး၍ ၊ ကြိုးကြားကြံကာ ၊ ဂိမှာသန်ဆောင် ၊ ချောင်းချောင်းခခ ၊ ကာလရှည်ဖင့် မျိုးမြတ်မြင့်သည် ၊ လွမ်းလင့်လွန်လှည့်လေလိမ့်လော ..... ။

ခတ်ဆစ်အဖြာဖြာ

( ၁ ) ကြင်ပေတန် = ချစ်ခင်ကြင်နာယုယရန် ထိုက်တန်လှပေသည် ။ ( ၂ ) နှုန်းနှုန်း = နှိုင်းနှိုင်း = နှိုင်းယှဉ်သည် ။ ( ၃ ) ငါးကြန်ပြည့် = ကြန်အင်္ဂါလက္ခဏာငါးပါးပြည့်စုံသူ ။ ကောင်းခြင်းငါးဖြာပြည့်ဝသူ ။ ( ၄ ) ပြစ်ပျောက်ပျို့ပျို့ = အပြစ်များသည် ကင်းရှင်းလွန့်ပျောက်လျှက် နှစ်သက်ခင်မင်စရာ ချစ်ခင်စရာတို့ဖြင့် ပြည့်စုံသောသူ ။ ( ၅ ) ဖြူမြိတ်စို့ = ပေါရာဏစကား = ဖြူမြိတ် ၊ မြိတ်ဖြူ ၊ မြိတ်စို့ ဟူသောဆံထုံး ။ ( ၆ ) ၀ိုးဝါး (ပေါ ) = ၀ိုးတိုးဝါးတား ၊ မထင်မရှား ၊ မပြတ်မသား ၊ ဒွိဟသံသယစိတ် ။ ( ၇ ) ကြိုးကြား = အကြိုအကြား ၊ ရံဖန်ရံခါ ၊ အချိန်ရသည့်အခါတိုင်း ။ ( ၈ ) ဂိမှာ = ပါဠိစကား = ဂိမှာန = နွေဥတု ။ ( ၉ ) သန် = ၀ဿာန = ၀ဿန် = မိုးဥတု ။
ရှင်းလင်းချက်

အမျိုးအနွယ်အားဖြင့်မြင့်မြတ်သော အမျိုးအနွယ်မှဆင်းသက်ပေါက်ဖွားလာသော “လှလွန်းဆွေ ” ကိုချစ်ခင်ကြင်နာယုယရန် သင့်ထိုက်လှပါသောကြောင့် ကာလရှည်ကြာစွာကပင် ရည်ရွယ်၍ ချစ်ခင်ခဲ့ရပါသည် ။ ပြင်ဆင်လေတိုင်း လှပသောသူဖြစ်ပါသည် ။ ကြင်နာသနားထိုက်သောသူ လေးပင်ဖြစ်တော့သည် ။ ညက်ညော၍ ၀င်းဝင်းပပ တောက်ပနေသော အသားအရည်ရှိသဖြင့်လည်း ၄င်းကို နတ်သ္မီး အလှနှင့်ပင် ခိုင်းနှိုင်းပါကလည်း နှိုင်းယှဉ်ထိုက်သောသူတစ်ယောက်ဖြစ်နေပါတော့သည် ။ ကြန်အင်္ဂါလက္ခဏာငါးပါး ကောင်းခြင်းငါးဖြာတို့ဖြင့် ပြည့်ဖြိုးနေသော အလွန့်အလွန် လှပနေသော သူလေးကိုအမျိုးမျိုး အဖုံဖုံ မေတ္တာမျှပါရန် အကြိမ်ကြိမ်လျှောက်ထားခဲ့ပါသည် ။ သို့ပါသော်လည်း “လှလွန်းဆွေ ”သည် စာဆိုအား မယုံသင်္ကာဖြစ်နေပါသည် ။ မယုံသင်္ကာ ဖြစ်နေပုံမှာ အပြစ်များလုံးဝကင်းစင်၍ နှစ်သက်စဖွယ်ကောင်းလှသော မြိတ်စို့ဆုံထုံးပိုင်ရှင် အခြားမိန်းကလေးတစ်ဦးနှင့် မေတ္တာသက်ဝင်နေသည် ။ “ လှလွန်းဆွေ ” အပေါ်၌မေတ္တာ သွေဖည်နေသည်ဟု အထင်အရှား ဟုတ်မှန်ပေမည် ..... ဟု ယူဆပြီး၎င်း၏စိတ်ထဲတွင် သင်္ကာမကင်းဖြစ်နေပြီး အထင်အရှား ကြံစည်စဉ်းစား စိတ်လွန့်ပါးနေပါတော့သည် ။ ထို့ကြောင့်စာဆိုသည် “ လှလွန်းဆွေ ” အား နွေမိုးဆောင်း ဥတုသုံးပါးလုံး အချိန်ရသမျှ မေတ္တာမျှရန် ကြံစည်ကြိုးစားခဲ့ရသည်မှာ ကာလပင်အလွန်ရှည်ကြာ နှေးဖင့်နေပါသည် ။ ထိုသို့ကာလရှည်ကြာနှေးဖင့်နေသဖြင့်လည်း “ လှလွန်းဆွေ ” သည် စာဆိုအား လွမ်းရှာနေပေလိမ့်မည် ..... ဟုတွေးထင်မိပါတော့သတည်း ။

အ.ထ.က ( ၁ ) နှစ်၁၀၀ ပြည့်အကြို သဘင်ပွဲတော် ခြိမ့်သဲပျော်

ရှေ့ဆီမှာ ရောင်နီလှနှင့်
နိုးထထွက်ပေါ် ၊ တို့ကျောင်းတော်ကြီး
ရှုမငြီးဂုဏ်တင့် ၊ ကြွားကြွားဝင့် ...... ။

ကြွဇွဲသန် ညီညွတ်မာန်နှင့်
နိုင်ငံအကျိုး ဆောင်သယ်ပိုးမည်
ကောင်းကျိုးကိုရည် ကျောင်းတော်ဆီမှ
ပညာရည်နို့ တို့သောက်စို့လျှက်
ရှေ့ဆက်တာဝန် ထမ်းကျေပွန်အံ့ ..... ။

ကသောလက်များ ခန်းနားကြီးကျယ်
ပုံသွန်းချယ်လောင်း တပည့်ကောင်းတို့
ထောင်သောင်းမက ထွက်ပေါ်ရာမြေ
ဧရာအနောက် ရွှေကူမြေ ............ ။

၉၁၈ မှစတင်တည်ထောင်
ပြည်ဘောက်တစ်လွှား ပခုက္ကူသားများ
ကြွားဝင့်မှတ်တိုင် စိုက်ထူနိုင်ပြီ ........ ။

နှစ်လိုကျွမ်းဝင် ဆရာမွန်၏
သင်ပြမှုကောင်း စေတနာထောင်သောင်း
ဦးညွတ်ပြောင်းလျှက်
နှစ်ထောင်းမမေ့ ဂုဏ်ယူမွေ့ရင်း
အပ်နှင်းဝန်တာ ထမ်းဆောင်ရာမှ
ကြွရောက်တပည့် တွေ့ဆုံမြေ့ရာ
ဆရာသခင် အန္တရှင်များ
အားရ၀မ်းသာ ပီတီဖြာ ........... ။

တစ်နယ်စီဝေး တစ်ရပ်ကျေးမှ
နွေးထွေးရောက်စဉ် တပည့်မွန်အား
တွေ့လျှင်လှိုက်မော ပီတိဇောနှင့်
သောကပြေကျ ဆရာလှ
လူဖြစ်ရကျိုး နပ်ပေစွ
ဆရာ့ဘ၀ ဒုလ္လဘ ........... ။

ရာပြည့်ကြိုပွဲ ခြိမ့်ခြိမ့်နွဲကာ
စည်သာဗုံမောင်း ငြိမ့်ငြိမ့်ညောင်းလျှက်
တပည့်ပေါင်းစုံလင် သန့်စင်နှလုံးသား
ခွဲခြားမရှိ ဘ၀အသိ
မပြည့်သည့်အိုး ရေစင်တိုးဖြည့်
အမျိုးသားစိတ်အရင်းခံ ကောင်းခြင်းလျှံ ......

ပြည့်
ပြည့်
၀၀ နှလုံးလှဖြင့်

မဟာပွဲတော် ရောက်လာပျော်မြူး
ကြည်နူးငယ်ဘ၀ ကျောင်းတော်လှကို
လွမ်းလှမိသေး ရင်ခုန်နွေး ....... ။

စဉ်အမြဲ လက်တွဲခိုင်မာ
ကျောင်းတော်သာရေး နွေးထွေးတိုင်ပင်
တိုးတက်ရွှင်အောင် ပေါင်းစုဆောင်မည်
ပြည်ထောင်တစ်ဝှမ်း ကျောင်းဂုဏ်လွှမ်း ..... ။

ကြိုဆိုလက်ကမ်း ရွှေကူနန်းတည့်
အေးချမ်းဌာနေ ကောင်းမှုဝေဖြာ
ဘာသာယဉ်ကျေးမှု အနုသုခုမ
လွှမ်းပဝေစည်
ဧရာနဒီ အနောက်ဘက်ကမ်း
အ . ထ . က ( ၁ ) ကျောင်းတော်နန်း
ပညာဆီမီး ထိန်ထိန်လျှမ်း
တင့်တယ်ဂုဏ်ရောင်အံ့မခန်း ........ ။

နေဦးမောင်

mercredi 30 juillet 2008

ဘီတီအာ

ပခုက္ကူ ခရိုင်မြို့ရဲ့ သက်တမ်းက နှစ် ၁၂၀ ပြည့်ပြီ ။ ဒါက မြို့တည်နှစ်တော့မဟုတ်ဘူး .....
သမိုင်းအရ ပုဂံ နဲ့ ပုခန်း ရဲ့ ကြားထဲမှာရှိတဲ့ ပခုက္ကူ ဟာ ပခုက္ကူ အနေနဲ့ ရပ်တည် လာတာ ....
သမိုင်းအထောက်အထား အတိအကျတော့ မသိနိုင်သေးဘူး .... သေချာတာကတော့ .....
ဒီထက်ပိုစောစောကတည်းက ဖြစ်တည်နေခဲ့တာပါပဲ .....

အခုရေးချင်တာက 1918ခုနှစ်က စခဲ့တဲ့ ပခုက္ကူရဲ့ အ . ထ . က ( ၁ ) ရဲ့ မဟာသမိုင်းကြောင်း .....
သန္ဓေ တည်လာတာက B . T . R ( Buddha Tharthana Rekkhita Angelo Vernacular
High School ) ဗုဒ္ဓသာသနာ့ရက္ခိတ (စောင့်ရှောက်သော ) အထက်တန်ကျောင်း .....
အခုဆိုရင် အနှစ် ( ၉၀ ) ပြည့်ခဲ့ပြီ ......

B . T . R ကျောင်းကို 1918 ခုနှစ်က ပခုက္ကူမြို့ မင်းဝိုင်း ( မြစန္ဒာရုပ်ရှင်ရုံဟောင်းနေရာ ) မှာစပြီး
ဖွင့်လှစ်ခဲ့ကြသည် ။ ထိုနေရာမှာ ဆရာကြီးဦးကျော် (အ . က . က . ၁) အင်္ဂလိပ်စာပြဆရာကြီး၏
ဘိုးဘွားမိဘများပိုင်ဆိုင်သော နေရာဟုသိရသည် ။ ထိုမှ ယခု အထက-၁ နေရာ
မန်းကျည်းတန်းရပ် အမှတ် ( ၇ ) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြသည် ။

ပခုက္ကူမြို့တွင် ဘီတီအာ ကျောင်းမပေါ်မီကပင် Wesley Mission School တည်ထောင်ဖွင့်လှစ်ပြီး
ဖြစ်သည် ။ ထိုအချိန်က အင်္ဂလိပ်တို့သည် 1. Missionary 2 . Merchant 3 . Military
3M ) ဖြင့် နေမ၀င်အင်ပါယာကြီးကိုတည်ထောင်နေချိန်ဖြစ်သည် ။

အမျိုးဘာသာသာသနာကို ချစ်ခင်မြတ်နိုးစောင့်ရှောက်လိုသော ပခုက္ကူမြို့မိမြို့ဖများသည်
ဝက်စလီကျောင်းများ ဖွံ့ဖြိုးကြီးထွားလာပါက လူမျိုးဘာသာသာသနာဓလေ့ထုံးစံများ
မှေးမှိန်ပျောက်ကွယ်မည်ကိုစိုးသောကြောင့် စုဝေးတိုင်ပင်ညီညွတ်ကြ ပြီး ၀က်စလီကျောင်းနှင့်အပြိုင်
ဘီတီအာ ကျောင်းကို ကြိုးစားအကောင်အထည်ဖေါ်တည်ထောင်ခဲ့ကြသည် ။

ဝက်စလီကျောင်းများတွင် Church များပါဆောက်လုပ်ဖွင့်လှစ်သကဲ့သို့ ဘီတီအာကျောင်းတွင်လည်း
ဘာသာသာသနာ အရှည်တည်တန့်နိုင်ရန် ကောင်းမြတ်သောရည်ရွယ်ချက်များနှင့်
ဘုရားဝတ်တတ်ရန် ဓမ္မာရုံကို စေတနာရှင် သမ္မာဆန္ဒဆီစက်ကုမ္ပဏီ ပိုင်ရှင်ဦးမောင်လေး မှ
ဆောက်လုပ်လှုဒါန်းခဲ့သည် ။

ဘီတီအာကျောင်းသည် 1918 ခုနှစ်တွင်တည်ထောင်နိုင်သဖြင့် အမျိုးသားကျောင်းများ
( National School ) ထက် စောစွာ ဖွင့်လှစ်နိုင်ခဲ့သည် ။

ထိုအချိန်က ၀က်စလီကျောင်းနှင့် ဘီတီအာကျောင်းသည် သင်ရိုးညွှန်းတမ်းတစ်ခုတည်း
စာမေးပွဲတစ်ခုတည်း သင်ကြားဖြေဆိုရကြောင်းသိရသည် ။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးလာရာ ကျောင်းများအားလုံးပိတ်လိုက်ကြရသည် ။
၁၉၄၂ ခု နှစ် အကုန်လောက်တွင်အခြားကျောင်းများနည်းတူ ဘီတီအာကျောင်းလည်း
ပိတ်ထားခဲ့ရသည် ။

ထိုခေတ်ထိုအခါက .... ၁ ။ အစိုးရကျောင်း ( Government School )
၂ ။ အထောက်ပံ့ခံကျောင်း ( Aided School ) .... ထိုအထဲတွင် ဘီတီအာအသည်
အထောက်အပံ့ခံကျောင်းအမျိုးအစားတွင်ပါဝင်သည် ။ အထောက်ပံ့ခံကျောင်းဆိုသည်မှာ
ကျောင်း၏ကုန်ကျစရိတ်များမှ ကောက်ခံရှိသော ကျောင်းလခငွေများကို ခုနိမ်ပြီး
လိုငွေကို အစိုးရမှ သုံးပုံနှစ်ပုံ ၊ ကျန်သုံးပုံတစ်ပုံကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ
ထည့်ဝင်ကြရသည် ။ လိုအပ်သောရံပုံငွေကို မြို့မိမြို့ဖများမှအလှုခံပြီးပုံမှန်အားဖြင့်
တရုပ်ကုန်တိုက်ကြီးများနှင့် တိုက်ရိုက်ဆက်သွယ်သော တရုပ်ကုန်သည်များနှင့်
မြန်မာကုန်သည်များမှ အလှုငွေများလှုဒါန်းခဲ့ကြသည် ။ အရေးပေါ်လိုအပ်လျှင်လိုအပ်သလို
အလှုငွေများ လိုက်လံကောက်ယူပြီး လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းဖြင့် အရှိန်အဟုန်
မပျက် ဆက်လက်ရပ်တည်နိုင်ခဲ့ကြသည် ။ နောက်တစ်မျိုးရန်ပုံငွေမှာ ကျောင်းဆရာများနှင့်
ဝန်ထမ်းများကိုခန့်ထားရာတွင် ၄င်းတို့လစာငွေများကို အစိုးရသက်မှတ်သည့်နှုန်းထားအတိုင်း
လစာ စာရင်းမှာဖေါ်ပြထားသော်လည်း အမှန်တစ်ကယ်ရရှိသည့်လစာမှာ ခန့်ထားစဉ်အခါက
အဖွဲ့အစည်းနှင့် သဘောတူ သက်မှတ်ထားသော လစာကိုသာရရှိသည် ။

ပညာသင်ကြားရေးတွင်ထိုခေတ်ထိုအခါက သုံးမျိုးရှိခဲ့သည် ။
1 . European School ( အင်္ဂလိပ်စာသပ်သပ်သင်ကျောင်း )
2 . Anglo Vernacular School ( အင်္ဂလိပ်-မြန်မာစာသင်ကျောင်း )
3 . National School ( အမျိုးသားစာသင်ကျောင်း )
ဝက်စလီကျောင်းနှင့် ဘီတီအာ ကျောင်းများမှာ အင်္ဂလိပ်-မြန်မာစာနှစ်ဘာသာသင်ကျောင်း
အမျိုးအစားထဲတွင်ပါဝင်ပါသည်

ခံစားကြည့်ပါ

I'll Always Be There
IPB Image
IPB Image
In times of trouble,

In times of need,

If you are feeling SAD,
IPB Image
You can count on me.

I will give
you a wink,IPB Image

Until you smile,
IPB Image
give you a hug,
IPB Image
And stand by your side.

I'll be there for you till the end,

I'll always and forever, be your friend!
IPB Image
သူငယ်ချင်းတစ်ယောက်ပို့ပေးတာလေးကိုအတက်နိုင်ဆုံးမူရင်းမပျက်တင်ဆက်ထားတာပါ ....

mardi 29 juillet 2008

အနေကဇာတိသံသာရံ

အနေကဇာတိသံဿာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ၊ ဂဟကာရံ ဂစေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပနံ
ဂဟကာကရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ၊ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ၀ိသင်္ခတံ ၊ ၀ိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။

ဇာတိ= ပဋိသန္ဓေနေရခြင်းသည်(၀ါ)ပဋိသန္ဓေနေရခြင်းသို့ ပုနပ္ပုနံ= အကြိမ်အကြိမ်အဖန်ဖန် ၊
ဥပဂန္တုံကပ်ရောက်ခြင်းငှာ ၊ ဒုက္ခာ= ဆင်းရဲလှ၏ ။ ဂဟကာရံ= အတ္တဘောတည်းဟူသော
ခန္ဓာအိမ်ကိုပြုပြင်
စီရင်တတ်သော တဏှာယောင်္ကျား လက်သမားကို
ဂဝေသန္တော= ဥာဏ်ဖြင့်ရှာမှီးတော်မူသော ၊
အဟံ= ငါဘုရားသည် ၊
အနေကဇာတိသံသာရံ= များသောအရေအတွက်ရှိသော သံသရာပတ်လုံး ၊ တံဗောဓိဥာဏံ= ထိုသဗ္ဗညုတဥာဏ်ကို ၊ အနိဗ္ဗိသံ= မရနိုင်သည် ၊ ဟုတွာ= ဖြစ်ရွေ့၊ သန္ဓာဝိဿံ= ကျင်လည်ရလေပြီ ၊ ဂဟကာရက= ဟဲ့တဏှာယောက်ျားလက်သမား ၊

ဥာဏံ= သဗ္ဗညုတဥာဏ်ကို ၊ မယာ= ငါဘုရားသည် ၊
ဒိဋ္ဌော= မြင်အပ်သည် ၊ အသိ= ဖြစ်ခဲ့၏ ။ တွံ= သင်တဏှာယောက်ျားလက်သမားသည် ၊
ပုန= နောက်ထပ်တစ်ဖန် ၊ မေ= ငါ၏ ၊ ဂေဟံ= အတ္တဘောတည်းဟူသောအိမ်ကို ၊
နကာဟသိ= မပြုရတော့လတံ္တ့ ၊ သဗ္ဗာ= ခပ်သိမ်းကုန်သော
တေ= သင်တဏှာယောက်ျားလက်သမား၏ ၊
ဖာသုကာ= ကိလေသာတည်းဟူသောအိမ်၏အခြင်တို့ကို ၊ ဘဂ္ဂါ= ချိုးဖဲ့ ဖျက်ဆီးအပ်ကုန်ပြီ ။

ဂဟကူဋံ= အ၀ိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို ၊ ၀ိသင်္ခတံ= ဖျက်ဆီးအပ်ပြီ ၊ မေ= ငါ၏ ၊ စိတံ္တ= စိတ်သည် ၊ ၀ိသင်္ခါရဂတံ= သင်္ခါရတို့၏ကင်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့်ရောက်ပြီ အဟံ= ငါသည် ၊တဏှာနံ= တဏှာတို့၏ ၊
ခယံ= ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ၊ အဇ္ဈဂါ= ရတော်မူပြီ ။

vendredi 25 juillet 2008

အချစ်တဲ့လား

IPB Image
အမြဲတမ်း ကျန်းမာ ပျော်ရွှင်နေစေချင်တာ .......
နေလို့မကောင်းဘူး ဆိုတဲ့အချိန်မှာ ကိုယ်ဒေါက်တာတစ်ယောက်မဖြစ်ခဲ့တာကို စိတ်မကောင်းတာ ...
တွေ့နေကျ ( တစ်ကယ်တမ်းတော့ လူချင်းတွေ့တာမဟုတ်ပါဘူး ) အချိန်မှာ မျှော်နေတတ်တာ ....

ရသာချိုမြိန်တဲ့ အစားအသောက်ကို စားနေရတဲ့အချိန် မှာသတိရတတ်တာ ......

ထူးဆန်းတဲ့ ခံစားချက် ကို ခံစား နေတဲ့အချန်မှာ မျှဝေပေးချင်တာ ....
ပျော်စရာလေးတွေ ကြုံတိုင်း အနားမှာ ရှိနေစေချင်တာ ......

ခါးသည်းမှုတွေ ကို မတွေ့စေချင်တာ ....
နာကျင်မှုတွေကနေ ကင်းဝေးစေချင်တာ ....
ကျရှုံးမှုတွေ ကို မကြုံစေ ချင်တာ ......

ဘာကိုမှ မျှော်လင့်ချက်မပါပဲ .... ကိုယ်ကပေးချင်နေတာ ( ပေးနိုင်တဲ့ အပိုင်းပေါ့လေ )
အိပ်မက်ထဲမှာဖြစ်ဖြစ် တွေ့ခွင့်လေးကို မျှော်လင့်နေတတ်တာ ....
ကိုယ်ရဲ့ စကားလေးတစ်လုံးကို မင်းသဘောကျတယ်ဆိုတဲ့အချိန်မှာ ပျော်မိတာ .....

ဒီလောက်တောင်မှ ထူးဆန်းတဲ့ ဆုံတွေ့မှုမျိုးကို မမျှော်မှန်းမိတာ ....
နောင်မှာဘာတွေဖြစ်လာမလဲလို့ မသိပဲ ရင်ခုန်နေတတ်တာ ......
ဘယ်လိုပဲဖြစ်ဖြစ် ခွင့်လွတ်နေချင်တာ .......

mercredi 23 juillet 2008

မေတ္တာသုတ်

( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏ ။ အနုဘာဝတော
အစွမ်းရှိန်စော်အာနုဘော်ကြောင့် ။ ယက္ခာ ၊ နတ်အများတို့သည် ။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို ။
နေ၀ ဒဿန္တိ ၊ မပြနိုင်ကြကုန် ။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင် ။ ရတ္တိန္ဒိဝံ ၊ နေ့ည မပျက် အခါခပ်သိမ်း ။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည် ။

( ၂ ) သုခံ ၊ ချမ်းချမ်းသာသာ ။ သုပတိ ၊ အိပ်စက်ရ၏ ။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော် ။ ကိဉ္စိ ၊ တစ်စုံ တစ်ခုသော ။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း ။ နပဿတိ ၊ မမြင်မက်ရ ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော ။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို ။ မယံ ၊ ငါတို့သည် ။ ဘဏာမ ၊ ရွတ်ကြကုန်စို့

( ၃ ) သန္တံ ၊ ငြိမ်သက်အေးချမ်းသော ။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍ ။ ( ၀ိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော ) အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည် ။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည် ။ အတ္ထိ ၊ ရှိ၏ ။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို ။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏ ။ သက္ကော စ ၊ စွမ်းနိုင်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။

( ၄ ) သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟေန္တု ၊ ဖြစ်ကြပါစေကုန်သတည်း ။

( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ၀သန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊ သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည် ။ ဘ၀န္တု ၊ ဖြစ်ကြပါစေကုန်သတည်း ။

( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း ။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို ။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့် ။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည် ။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏ ။

(၁၁ ) တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏ ။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော ။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ် နှင့် ။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ န ဧတိမရောက်ရတော့ပေ ။
( အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော် အရှင်ဝါသေဠာဘိဝံသ ၏ ပရိတ်ကြီးနိဿယသစ် မှ )

mardi 22 juillet 2008

နင်လားဟဲ့ ... လောကဓံ

IPB Image
လူတိုင်းလူတိုင်း အဆင်မပြေမှုများနှင့် ကြုံရနိုင်ပါသည် .....

ထိုအချိန်များတွင် အတွေး ၀င်ရောက်လာတတ်သည် ......
“ ငါ့မှာ အဆင်မပြေတာတွေနဲ့ကြုံတွေ့ရသည် ..... ငါကုသိုလ်ကံမကောင်းဘူး ”
အမှန်မှာတော့ အားလုံးတွင် သူ့အပူနှင့်သူရှိသည် .... လောကထဲတွင် ရှင်သန်နေသမျှ
လောကဓံတရား ( ၈ ) ပါး၏ အရိုက်အပုတ်ကို ခံကြရမည်သာဖြစ်ပါသည် .....
၁ ။ လာဘ =ပစ္စည်းဥစ္စာရခြင်း .... ........၂ ။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃ ။ ယသ = အခြွေအရံ ပေါများခြင်း ..... ၄ ။ အယသ = အခြွေအရံမရှိခြင်း
၅ ။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း .................. ၆ ။ ပသံသာ = အချီးအမွှမ်းခံရခြင်း
၇ ။ သုခံ = ချမ်းသာခြင်း ....................... ၈ ။ ဒုက္ခံ = ဆင်းရဲခြင်း
ထိုအထဲမှ လေးမျိုးကို ဒုက္ခ ဟုမထင် သုခ ဟုပင်ထင်နေသည် ။ အားလုံးသည်ပင် ....
ပူလောင်စေတတ်သောအရာများ ဖြစ်ကြသည် ။ ရရှိနေလျှင်လည်း ဆုံးရှုံးမှာကို
စိုးရိမ်နေရပြန်သည် ။ မရသေးလျှင်လည်း ရဘို့ကြိုးစားနေကြပြန်သည် ။
ထို့ကြောင့် သောက တစ်မျိုးမျိုး ခံစားရလျှင် သင်တစ်ယောက်ထဲ သာမဟုတ်ပါ
အားလုံးသင် ကဲ့သို့ တစ်ခုမဟုတ် တစ်ခု ခံစားနေရ သည် ကို တွေးလိုက်ပါ
သက်သာရာ ရသွားနိုင်ပါသည်

lundi 21 juillet 2008

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

Thirty-Eight Blessings၁ ။ အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေ၀နာ ၊ ပူဇာစပူဇနေယျာနံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
1 . Not to associate with fools , to associate with the wise and to honour those
who are worthy of honour ; this is the highest blessing .
၃၈ -၁ ။ ဒုစရိုက်ပြုသူလူမိုက်နှင့်မပေါင်းသင်းခြင်း ။
၃၈ - ၂ ။ ဒုစရိုက် ရှောင်ကြဉ်သူ လူလိမ္မာ ပညာရှိနှင့် ပေါင်းသင်းခြင်း ။
၃၈ - ၃ ။ ရတနာသုံးဖြာ ဆရာ မိဘ စသော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ။

၂ ။ ပတိရူပဒေသ ၀ါသောစ ၊ ပုဗ္ဗေ စ ကတပုညတာ ။
အတ္တသမ္မာပဏီဓိ စ ၊ ဧတံ မင်္ဂလမုတ္တမံ ။
2 . To reside in a suitable locality , to have done meritorious deeds in the past
and to set oneself in the right course ; this is the highest blessing .
၃၈ -၄ ။ ချမ်းသာကောင်းကျိုး ပွားးတိုးစေရန် သင့်တန်လျောက်ပတ်သောအရပ်၌ နေထိုင်ခြင်း ။
၃၈ - ၅ ။ ရှေးရှေးဘ၀၌ ဒါန စသော ကောင်းမှုတို့ကို ပြုစု စည်းပူးခဲ့ခြင်း ။
၃၈ - ၆ ။ မိမိ၏ ကိုယ်နှင့်စိတ်ကို အပြစ်ကင်းအောင် ကောင်းစွာထားခြင်း ။

၃ ။ ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယောစ သုသိက္ခီတော ။
သုဘာသိတာ စ ယာ ၀ါစာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
3 . vast learning , perfect handicraft , a highly trained discipline and pleasant
speech ; this is the highest blessing .
၃၈ - ၇ ။ အကြားအမြင် ဗဟုသုတ များခြင်း ။
၃၈ - ၈ ။ စက်မှုလက်မှု အတက်တစ်ခုခု တက်ကျွမ်းခြင်း ။
၃၈ - ၉ ။ လူမှုရေးကျင့်ဝတ်များ သင်ကြားထားခြင်း ။
၃၈ - ၁၀ ။ အပြစ်ကင်း၍ အကျိုးရှိသော စကားကို ပြောဆိုခြင်း ။

၎ ။ မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော ။
အနာကုလာ စ ကမ္မ န္ထာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
4 . Supporting one ' s father and mother , cherishing wife and children and
a peaceful occupation ; this is the highest blessing .
၃၈ - ၁၁ ။ မိဘတို့ကို လုပ်ကျွေးပြုစုခြင်း ။
၃၈ - ၁၂/၁၃ ။ သား သမီး နှင့် ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း ။
၃၈ - ၁၄ ။ အနှောက်အယှက် အရှုပ်အထွေး မရှိသောအလုပ်ကို လုပ်ခြင်း ။

၅ ။ ဒါနဉ္စ ဓမ္မစရိယာ စ ၊ ဥာတကာနဉ္စ သင်္ဂဟော ။
အန၀ဇ္ဇာနိ ကမ္မာနိ ၊ ဧတံ မင်္ဂလမုတ္တမံ ။
5 . Liberality , righteous conduct , the helping of relatives and blameless
actions , this is the highest blessing .
၃၈ - ၁၅ ။ စွန့်ကြဲပေးကမ်း လှုဒါန်းခြင်း။
၃၈ - ၁၆ ။ သုစရိုက်တရားများကို ကျင့်ခြင်း ။
၃၈ - ၁၇ ။ ဆွေမျိုးတို့ကိုထောက်ပံ့ခြင်း ။
၃၈ - ၁၈ ။ အပြစ်ကင်းသော အမှုတို့ကို ပြုခြင်း ။

၆ ။ အာရတီ ၀ိရတီပါပါ ၊ မဇ္ဇပါနာ စ သံယမော ။
အပ္ပမာဒေါ စ ဓမ္မေသု ၊ ဧတံ မင်္ဂလမုတ္တမံ ။
6 Cassing and abstaining from evil , abstention from intoxicating drinks
and diligence in virtue ; this is the highest blessing .
၃၈ - ၁၉ ။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်ခြင်း ။
၃၈ - ၂၀ ။ အရက်သေစာ မသောက်စားခြင်း ။
၃၈ -၂၁ ။ ကုသိုလ်တရားတို့ကို မမေ့ခြင်း ။

၇ ။ ဂါရဝေါ စ နိဝါတော စ ၊ သန္တုဋ္ဌိ စ ကတညုတာ ။
ကာလေန ဓမ္မဿဝနံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
7 . Reverence , humility , contentment , gratitude and timely hearing of
the Dhamma ; this is the highest blessing .
၃၈ - ၂၂ ။ ရိုသေထိုက်သူကို ရိုသေခြင်း ။
၃၈ - ၂၃ ။ မိမိကိုယ်ကို နှိမ့်ချခြင်း ။
၃၈ - ၂၄ ။ တင်းတိမ်ရောင့်ရဲခြင်း ။
၃၈ - ၂၅ ။ သူတစ်ပါး၏ ကျေးဇူးကို သိခြင်း ။
၃၈ - ၂၆ ။ လျောက်ပတ်သောအခါ တရားနာခြင်း ။

၈ ။ ခန္တီ စ သောဝစဿတာ ၊ သမဏာနဉ္စ ဒဿနံ ။
ကာလေန ဓမ္မသာကစ္ဆာ ၊ ဧတံ မင်္ဂလမုတ္တမံ ။
8 . Forbearance , obedience , seeing Bhikkhus and religious discussions
at the right time ; this is the highest blessing .
၃၈ - ၂၇ ။ သည်းခံခြင်း ။
၃၈ - ၂၈ ။ ဆုံးမစကားကိုနာယူလွယ်ခြင်း ။
၃၈ - ၂၉ ။ ရဟန်းသံဃာ ကို ဖူးမျှော်ခြင်း ။
၃၈ - ၃၀ ။ သင့်လျော်သည့်အချိန်မှာ တရားဆွေးနွေးခြင်း ။

၉ ။ တပေါ စ ဗြဟ္မစရိယဉ္စ ၊ အရိယသစ္စာနဒဿနံ ။
နိဗ္ဗာနသစ္ဆိကြိယာ စ ၊ ဧတံ မင်္ဂလမုတ္တမံ ။
9 . Self-control , Holy Life , perception of the Noble Truths and the
realisation of Nibbans ; this is the highest blessing .
၃၈ - ၃၁ ။ ဣန္ဒြိယ သံဝရ စသော တပ အကျင့် ကို ကျင့်ခြင်း ။
၃၈ - ၃၂ ။ သစ္စာမြင်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကို ကျင့်ခြင်း ။
၃၈ - ၃၃ ။ အရိယ သစ္စာ လေးပါးကို သိမြင်ခြင်း ။
၃၈ - ၃၄ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ။

၁၀ ။ ဖုဋ္ဌဿ ၊ လောကဓမ္မေဟိ ၊ စိတ္တံ ယဿ နကမ္ပတိ ။
အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလမုတ္တမံ ။
10 . If one ' s mind is sorrowless , stainless and secure ( in Nibbana )
and is not disturbed when touched by worldly vicissitudes ,
this is the highest blessing .
၃၈ - ၃၅ ။ လောကဓံတရားနှင့် တွေ့ကြုံရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း ။
၃၈ - ၃၆ ။ စိုးရိမ်ပူဆွေးမှု မရှိခြင်း ။
၃၈ - ၃၇ ။ ကိလေသာမြူမရှိခြင်း ။
၃၈ - ၃၈ ။ ကိလေသာ ဘေးရန် မရှိခြင်း ။

၁၁ ။ ဧတာဒိသာနိ ကတွာန ၊ သဗ္ဗတ္တ မပရာဇိတာ ။
သဗ္ဗတ္တ သောတ္တိံ ဂစ္ဆ န္တိ ၊ တံ တေသံ မင်္ဂလမုတ္တမံ ။
11 . Those who , thus acting , are everywhere unconquered , attain
happiness everywhere ; to them these are the highest blessing .

dimanche 20 juillet 2008

ကြက်ဥ ပန်းပု အနုပညာ

တရုပ်လူမျိုးတွေဟာ အရှေ့ကမ္ဘာမှာတော့
အနုပညာ လက်ရာမှာ အဆင့်မြင့်တယ်လို့
ပြောလို့ရပါတယ်.....

အနုပညာကို ကြံဖန်ဖန်မြင်တတ် ခံစားတတ်
ဖန်တီးတတ်တာကတော့ တစ်ကယ် ချီးမွမ်းစရာပါ

ရေမြေ နီးစပ်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေက
သူတို့ရဲ့ နည်းပညာကို မှိအောင်မလိုက်နိုင်တာ
ကတော့တစ်ကယ်ကို စိတ်မကောင်းစရာပါ .....

ူတို့လူမျိုးကပဲ သိုသိပ်လွန်းလို့လား ....
ကျွန်တော်တို့လူမျိုးကပဲ အတုမယူတတ်တာလား

စာပေ ဖတ်မှာဆိုလဲဒီလိုပါပဲ ကျွန်တော်တို့မှာ
တစ်ကယ့်ကို ကိုယ်ပိုင် ဂန္တ၀င်မြောက် စာပေက
အလွန်ကို ရှားရှားပါးပါး .....
မွေးစားထားတာလေးတွေ ရှိနေလို့တော်သေးတယ်

ကျွန်တော်စဉ်းစားကြည့်တယ် ကျွန်တော်တို့ရဲ့
ရှေးပညာရှိတွေရဲ့ အဆုံးအမ တွေရှိခဲ့တာပဲ
“ ပြု ” “ တု ” “ စု ” ဆိုတာ ရှိခဲ့ပေမဲ့ အားနည်းနေသေး
တာကိုတော့တွေ့နေရတာပါပဲ ......

ဒါမှမဟုတ်ရင် ကျွန်တော်တို့က နွားချေရာကွက်ကို
ပင်လယ်ထင်နေလို့လား .......

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ လူသားရယ်လို့
ဖြစ်တည်လာကတည်းက နေထိုင်လာခဲ့တယ်ဆိုတဲ့
ကျွန်တော်တို့လူမျိုးဟာ ဖွံဖြိုးတိုးတက်မှုတွေ
ဘာကြောင့်နှေးကွေးနေတာလဲ .....

လူမျိုးတိုင်းမှာ သူတို့နဲ့ဆိုင်တဲ့ချစ်စရာ
ယဉ်ကျေးမှုလေးတွေ ရှိကြပါတယ် ....

ရှမ်းလူမျိုးတွေမှာလဲ သစ်သီးကို ပုံစံအမျိုးမျိုး
ဖေါ်ပြီး အရုပ်ကလေးတွေ ပန်းလေးတွေ
ပုံစံအမျိုးမျိုး ဖေါ်တဲ့ရိုးရာယဉ်ကျေးမှုလေးတွေ
သီတင်းကျွတ်မီးပုံပျံ လေးတွေကိုပုံစံ
အမျိုးမျိုးနဲ့ စိတ်ဝင်စားအောင်ဖန်တီး
နိုင်တာတွေဟာ တစ်ကယ်ကို ထိမ်းသိမ်းသင့်တဲ့
ဓလေ့ထုံးစံလေးတွေပါ

ပုဂံ မြို့ဟောင်းတို့ ရခိုင် ဘက်က မြောက်ဦး
မြို့ဟောင်းတို့ဘက်တွေမှာလဲ ရှေးဟောင်း
လက်ရာမွန်တွေ အများကြီး ရှိခဲ့တာပဲ ....


ဒါပေမဲ့ ကျွန်တော်တို့လူမျိုးကိုယ်တိုင်က
ယဉ်ကျေးမှုကို မခံစားတက်တာလား
ဒါမှမဟုတ် ယဉ်ကျေးမှုကို အားမပေးတာလား

ဒါပေမဲ့ ကျွန်တော်တို့လူမျိုးအများစု ပြောတဲ့စကား
“ မင်းဟာက ... စားရသောက်ရတာလဲမဟုတ်ပဲနဲ့
အလကား အလုပ်ရှုပ်ခံမနေပါနဲ့ ” ဆိုတာမျိုးကို
ကြားကြားနေရတာက တစ်ကယ်ကို တစ်ချို့နေရာတွေ
မှာမဖြစ်သင့်ဘူး .... ဟုတ်တယ် အများထုကြီးက ဆင်းရဲ
မွဲတေမှုကိုပဲ ကုစားနေရတယ် ခံစားမှုကို သိပ်ပြီး
ဦးစားမပေးနိုင်ဘူး ..... ထမင်းစားဘို့ကိုပဲ တော်တော်လေး
လုံးပန်းနေရတာကိုး .....

ကျွန်တော်သိသလောက်တော့ အာရပ်လူမျိုးထဲမှာ
အန္တရာယ်ကို အမြဲရင်ဆိုင်ဖြေရှင်းနေရပါတယ်ဆိုတဲ့
ဂျူး (အစ္စရေှး)တွေက အနုပညာမြောက်ပစ္စည်း ....
တွေကို ခံစားမှုနဲ့ ပိုင်ဆိုင် မှုက ထိပ်မှာရှိနေတယ်
ဆိုတာကို သိရတော့ ......

မနေ့တစ်နေ့ကမှနိုင်ငံတည်ထောင်တယ်လို့ပြောလို့ရတဲ့
ဂျူးတွေထက်ကမ္ဘာတည်စကတည်းက
နေလာပါတယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာလို့ ..... နောက်ကျန်နေခဲ့ရတာလဲ

ကျွန်တော်ပြောချင်တာက ကျွန်တော်တို့မှာပြစရာ
မရှိပါဘူးလို့ပြောတာမဟုတ်ပါဘူး ......
ကိုယ့်ယဉ်ကျေးမှုကို ကိုယ် ဂုဏ်မယူတတ်လို့
ပြောနေတာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့က
“ မျက်တောင်တစ်ဆုံးလောက်ကို ပဲ မကြည့်သင့်ဘူး ....
မျက်စိတစ်ဆုံးကိုတော့ ကြည့်သင့်တယ်လေ ... ”

အဲလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ....
အမြဲတမ်း နောက်ကနေပဲ ကျန်နေခဲ့မှာပဲ ....

အဲဒီတော့ သေချာတာကတော့ ကျွန်တော်တို့
ဒီထက်ပိုပြီးကြိုးစားကြရမယ် ........

samedi 19 juillet 2008

ပုရွက်ဆိပ် တစ်ကောင်ရဲ့ လမ်းလေး

IPB Image
တစ်ခါတစ်ခါမှာ ရေလိုကျင့်နိုင်ရင်ကောင်းမယ် .... အရောင်လဲ မရှိ အနံ့မရှိ ပုံစံမရှိ ....
လေးထောင့်ထဲ ထားရင်လေးထောင့်လေး ..... အ၀ိုင်းလေးထဲမှာထားရင် အ၀ိုင်းလေး ...

ကိုယ်ကိုယ်တိုင်က PH7 အဆင့်မှာ ရှိနေမယ်ဆိုရင် ကိုယ်တိုင်ရပ်တည်လို့လဲရတယ်
ပေါင်းချင် သင်းချင်တဲ့သူတွေက အများကြီး .... နွားနို့ထဲမှာဝင်ပြီး နွားနို့ဟန်ဆောင်မလား
အရက်ထဲမှာဝင်ပြီး အရက်ပုံစံနဲ့ပဲခပ်တည်တည်နေမလား အေးဆေးပဲ ....

ဘယ်သူနဲ့ရောပြီးနေရင်ဘယ်လိုတန်ဘိုးတက်မယ်ဆိုတာကတော့ သိတယ် .....
ဒါပေမဲ့ခက်တာက ကိုယ်မနှစ်သက်တာနဲ့ ဘယ်လိုမှ မပေါင်းချင်တာ ....
ကိုယ့်ဘ၀ ခန်းခြောက်ချင်ခန်းခြောက်သွားပါစေ ...... မနှစ်သက်တဲ့ဘ၀နဲ့တော့
ခဏလေးတောင်မှအသက်မရှင်ချင်ဘူး ......

အဲဒါကို အတယ်လို့ပြောချင်ပြော မာန ကြီးတယ်ပြောချင်ပြော ထူတယ်ပြောချင်ပြော ....
ပြောကြစမ်းပါစေ ဟန်ဆောင်ပြီး ပြုံးတက်တဲ့ စာမေးပွဲက ကိုယ့်အမှတ်က ဿုံည ....

ငယ်ငယ်က ပုရွက်ဆိပ်လို ကြိုးစားခဲ့ပေမဲ့ ကြီးလာတဲ့အချိန်မှာတော့ ......
နှံကောင်တွေ ဘယ်လိုကြီးပွါးနေတယ်ဆိုတာ တွေ့ရတော့ မုဒိတာပွါးစရာပါပဲ .....

အဲဒီအချိန်မှကိုယ်သတိထားခဲ့မိတယ် ..... ကိုယ်ဟာသူတို့နဲ့စာရင်
ဟန်ဆောင်ခြင်း (လိမ်ညာခြင်းတစ်မျိုး ) မှာကိုယ်က သူတို့လောက်မှ မကြွမ်းကျင်တာကိုး ....
ကိုယ်သိတာအသိနောက်ကျသွားတယ်လို့လဲ နောင်တမရခဲ့ပါဘူး ...
ဘာလို့လဲဆိုတော့ ဒီလမ်းက ကိုယ်ကိုယ်တိုင် ကျေနပ်စွာ ရွေးချယ်ခဲ့တဲ့လမ်း လေးပါ ...
နောက်ဆုံးချေလှမ်းအထိ ပြုံးပြုံးလေး လျှောက်နေမှာပါ .....

တစ်ကိုယ့် နှစ်စိတ်

IPB Image

ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ နှစ်ကိုယ့်တစ်စိတ်ယိမ်း ကိုသတိရတယ် ...
ဒါပေမဲ့အခုမင်းလေးကနေတာက တစ်ကိုယ့်နှစ်စိတ်ယိမ်း ....
မင်းလေးက အံ့သြစရာကောင်းလောက်အောင် ကျွမ်းကျင်တယ်နော် ...
တစ်ယောက်ဆီက ရယူခြင်းနဲ့ချစ်ပြပြီး တစ်ချိန်ထဲမှာပဲ .....
နောက်တစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ ချစ်ပြနိုင်တယ်နော် ....

မင်းလေးရဲ့ တတ်ထားတဲ့ အတတ်တွေက ဘယ်ကျောင်းမှာမှ ....
သင်ပေးတယ်ဆိုတာ မတွေ့ဘူးဘူး ......
မင်းလေးကတော့ တစ်ကယ့်ကို တစ်ဖက်ကမ်းခတ်လောက်အောင် တက်မြောက်ခဲ့ပြိပဲ...

အင်းလေ မင်းလေးဘ၀မှာ “ ထမင်းလဲကျွေးမယ် နင်းလဲပေးမယ် ” ဆိုတဲ့သူတွေက
ရိုက်သက်လို့တောင်မှ ကုန်နိုင်ပါဦးမလား .....

ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂါတ်ကဘယ်မှာလဲ ......
တစ်ကယ်တော့ မင်းလေးက အမြင့်ပျံတဲ့ငှက်ရိုင်းလေးပဲ ....
အမြဲမြင်တွေ့ချင်နေတဲ့ ကိုယ်က လွှဲမှားစွာ စွဲလန်းမိတာ ဖြစ်မှာပါ .....

တစ်ကယ်ဆို ..... တစ်ကယ့်ဘ၀မှန်ကို ကိုယ်တိုင်က လက်မခံရဲတာ ....
ရေးရေးလေးမြင်နေတဲ့အနာဂါတ်ကို ဘ၀လို့ထင်မိတဲ့ ကိုယ်တိုင်ရဲ့ ရူးသွပ်မှုတွေကြောင့် ...
ဖြေသိမ့်ခံစားမှုတွေက .... ကိုယ့်ကိုကို လိမ်နေသလိုဖြစ်နေတာဖြစ်မယ် ....
တစ်ကယ်ဆို မင်းမရှိတဲ့ဘ၀ကို အစိမ်းလိုက် ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဘို့ ကိုယ်ကြိုးစားရမယ် ....

မှတ်ချက် ။ ။ ကျွန်တော်အလွန်ညံ့ပါသည် ......

မြန်မာ့ ... စုတ်ချက်

ကင်းပါတ်စပေါ်တွင် ..... စိတ်ကူးနှင့်ဆေးရောင်များကို ရောနှောပြီး .....
နိုင်
ငံခြားငွေများစွာရှာနိုင်စွမ်းရှိပါသည် ။ သို့သော် ....

ပညာရှင်တစ
်ယောက်ပြောသည့်စကားမှာ “ ဂေါက်သီးရိုက်တာ ပိုက်ဆံရှိတဲ့သူတွေမှရိုက်နိုင်တာဗျာ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အားကစား ပစ္စည်းထဲမှာထည့်ထားတော့ အခွန်ငွေသိပ်မပေးရဘူး ကျွန်တော်တို့ ပန်းချီက ဇိမ်ခံပစ္စည်းထဲမှာဆိုတော့ အခွန်ငွေကများတယ်လေ အဲဒီတော့ ပေါပေါသီသီမသုံးနိုင်ဘူးပေါ့ မီးခဲပြာဖုံးလေးတွေ အများကြီးပဲ.... သူတို့မှာ ပစ္စည်းကရှားတော့ ဖြစ်သင့်သလောက်မဖြစ်လာဘူး ”

အနုပညာရှင်၏စိတ်ကူး + စုတ်ချက် =
ဒေါ်လာငွေ သို့သော် ထိုညီမျှခြင်းမှာ

လောလောဆယ်အခြေအနေအရ သိပ်မ မှန်နိုင်ပါ ။

ဆင်းရဲသားပေါများသောနိုင်ငံတွင် အနုပညာပစ္စည်းများ ဈေးကွက်ရှားပါမှု နှင့်
ကြုံတွေ့နေရသည်မှာ သိပ်တော့မဆန်း တစ်ခါတစ်ရံ နိုင်ငံခြား သံရုံးများမှ ဒေါ်လာငွေ ထိုက်သင့်စွာ ပေးပြီး ၀ယ်ယူသွားသည် များကို ကြားရသောအခါ မုဒိတာပွားမိသည် .....

အင်းလေ ... ဗင်းဆင့်ဗန်ဂိုး တောင်မှ ငတ်တလှည့်ပျက်တလှည့် အနွေးဓါတ်ရဘို့
သူ့ရဲ့ပုံကြမ်းရေးထားတဲ့စက္ကူတွေကို မီးလှုံခဲ့ရသေးတယ် ...... သူရူးလို့သက်မှတ်ခံခဲ့ရသေးတယ် ..... သေပြီးမှသာ သူ့လက်ရာတွေက ရွှေဖြစ်ခဲ့တာ .... အာလူးစားသူ တွေရဲ့ ပြုံးပြတဲ့မျက်နှာကိုသူမမြင်လိုက်ရဘူး ....
ကြယ်ကြွေညတွေရဲ့ သာယာမှုကို သူမသိလိုက် ဘူး ...

အင်းလေ ... လူသေသွားပေမဲ့နာမည် မသေတဲ့ လူ့ရတနာတွေပဲ .... စ်ချို့ဆိုရင် လူသာမသေသေးတယ် .... နာမည်ကပုတ်စော်နံနေပြီ ....












အလွမ်း .. အဆာမပြေဘူး

IPB Image

ငယ်ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ ချစ်သူလေး မင်းလေးမရှိတော့ပေမဲ့ ....
ကိုယ်ဘယ်လို့မှမေ့မရဘူး ......

သေသောသူကြာရင်မေ့လို့ဆိုပေမဲ့ ..... ကိုယ်လို အစွဲလန်းကြီးတဲ့လူတစ်ယောက်
ဘယ်လိုမေ့လို့ရမှာလဲ ....

ကိုယ့်ရဲ့နောက်ပါတ်ဝန်းကျင်အသစ်က မင်းလေး အကြောင်းကို မေ့စေချင်တာလေ
သူရှိနေလျှက်နဲ့ မင်းလေးကိုလွမ်းတဲ့ ကိုယ့်ကို အပြစ်တင် နေတယ် ......

မင်းလေးရဲ့ ဓါတ်ပုံလေးတွေကို မြင်သာထင်သာတဲ့နေရာမှာ ချိတ်ဆွဲမထားနိုင်တော့ပေမဲ့
ကိုယ့်ရဲ့နှလုံးသားထဲမှာတော့ မင်းလေးပုံကလွဲလို့ ...ဘယ်သူ့ကိုမှနေရာမပေးနိုင်ဘူး ...

မင်းလေးအကြောင်းကို သိတဲ့လူတိုင်းကတော့ မင်းလေးကိုလွမ်းနေတဲ့ကိုယ့်ကို ....
နားလည်ပေးကြပါတယ် သူတို့တောင်လွမ်းနေတာလေ .....

မင်းလေးလောက် ဘယ်သူ့ကိုမှချစ်လို့မရအောင် မင်းလေးကလဲ ချစ်ပြခဲ့တာကိုး ....
မင်းလေးရဲ့ အားလုံးအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ မေတ္တာတွေကလဲ ....
ဘယ်သူမှ မင်းလေးလောက် ( ဘယ်လိုမှ ဘယ်နေရာမှာမှ နှိုင်းယှဉ်လို့မရအောင် )
မပေးနိုင်ဘူးလေ ....

ကိုယ်ဟာ မင်းလေးရဲ့ကျေးဇူး မကင်းခဲ့ပါဘူး မင်းလေးပြောခဲ့တဲ့စကားတွေက .....
ကိုယ့်ရဲ့ဘ၀မှာ ခွန်အားတွေကိုဖြစ်စေခဲ့တယ်လေ ....

မင်းလေးရဲ့ အပြုအမှုတွေဟာလဲ တစ်ကယ်ကို ရှားပါးတဲ့ ချစ်စရာလေးတွေပါ .....

ဟုတ်တယ် .... အခုလို မိုးတွေရွာနေတဲ့ ဂျူလိုင်လထဲမှာပဲ မင်းကိုယ့်ကို နှုတ်ဆက်သွားတာနော် ...
ဒီမိုးစက်တွေကိုမြင်တိုင်း ဒီအချိန်လေးကိုရောက်တိုင်း မနေ့တစ်နေ့ကလို ....
ဟာတာတာနဲ့ လွမ်းနေတယ် ......

ဟိုတစ်ချိန်တုန်းကတော့ မင်းကိုအားရပါးရလွမ်းလိုက်ရလို့ .... အလွမ်းအဆာပြေသေးတာပေါ့
အခုတော့ မင်းကိုလွမ်းရတာတောင် တိတ်တခိုးလေးလွမ်းနေရတဲ့ ကိုယ့်မှာ .....
အလွမ်းအဆာမပြေပါလားကွယ် .....

ဟိုးတစ်ချိန်တုန်းကတော့ မင်းလေးအမှတ်တရ ကဗျာတွေစာတွေ ရွတ်ဆိုခဲ့သေးတယ်လေ .....
အခုတော့ ကိုယ် ....

vendredi 18 juillet 2008

သြော် .... ပုရိသ

ကမ္ဘာဦးမှ စပြီး မည်သူက (ကြောင်တောင်တောင်နှင့် ) စည်းကမ်းသက်မှတ်ခဲ့သည်မသိ
မိန်းကလေးများမှစတင်ပြီး ချစ်စကားမပြောရ ...... ထိုစည်းကမ်းချက်ကို ယနေ့ ....
ထက်ထိတိုင် လိုက်နာနေကြသည် ။ ရှားရှားပါးပါး တစ်ယောက်တစ်လေသာ .....
ရဲဝံ့စွာချိုးဖေါက်ရဲသည် .... ယောင်္ကျားလေးများနှင့်တန်းတူအခွင့်အရေး ရယူရန် တိုက်ပွဲဝင်နေသော
အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများမှလဲ ထိုကိစ္စကို သူတို့ကိုယ်တိုင်လုပ်ပြနေသည်ဟု မည်သည့် သတင်းစာ
ဂျာနယ် တွင်မှာမှ မတွေ့ရ .... ( စွတ်ကျယ်ဂျိုင်းပြက် လိုက်ဝတ်ပါဟု မတိုက်တွန်းလိုပါ ) .....

မိန်းကလေးများသည် သိုသိပ်သည် .... ယောင်္ကျားလေးများလောက်တော့ ပွင့်လင်းမှုမရှိ ....
ထိုကောက်ချက်မှာလည်း မြန်မာနိုင်ငံတွင်ကြီးပြင်းခဲ့ရသော ကျွန်တော်၏ ကောက်ချက်သာဖြစ်ပါသည် ။
အနောက်နိုင်ငံများရှိမိန်းကလေးများသည် မြန်မာမိန်းကလေးများထက်တော့ ပွင့်လင်းသည်ဟုသိရသည် ။

ယောင်္ကျားလေးများမှာ အံ့ဖွယ်သူရဲ သတ္တိကောင်းကြသည် ။ အစဉ်အလာကိုဆန့်ကျင်ရဲသည် ။
အထူးသတ္တိကောင်းသောယောင်္ကျားတစ်ချို့ ကိုယ်ဝန်ဆောင်ကြသည် ....
ယုံကြည်စေရန်ဓါတ်ပုံအထောက်အထားနှင့်ပြထားပါသည် ။

ထိုနေရာတွင် အသိတစ်ခုဝင်လာပါသည် .... သတ္တိနည်းသည်ဟုဆိုသောမိန်းကလေးတိုင်း ....
ကိုယ်ဝန်ဆောင်ရဲပြီး အထူးသတ္တိကောင်းသော ယောင်္ကျားများသာ ကိုယ်ဝန်ဆေင်သောကြောင့် ....
ရဲ့ရင့်ပါသည်ဆိုသောအာဂသတ္တိ ပုရိသ ၏ သတ္တိသည် သတ္တိ နည်းပါသည်ဆိုသော ဣတ္ထိယ ထက်
ပိုမိုသတ္တိမကောင်းနိုင်ပါ .......

မှတ်ချက် ။ ။ ကျွန်တော်လိုလူ့ဂလန့်တစ်ယောက်ကိုမွေးဖွားရဲသော ကျွန်တော့မေမေ၏သတ္တိသည်
....................အကောင်းဆုံးဖြစ်ပါလိမ့်မည် ။

jeudi 17 juillet 2008

အထီးကျန်မဆန်စေချင်ပါ

IPB Image
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်မှုအပေါ်မှာမူတည်ပြီး .....

ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟနိုင်တယ် .... အဲဒီနေရာမှာ ....
တစ်ယောက်နဲ့တစ်ယောက် အဆုံးမဲ့ ပွင့်လင်းစွာ ဖွင့်ဟနိုင်ဘို့အတွက် .....
ချစ်သူတစ်ယောက်လိုလိမ့်မယ်.....
ခေါင်းထဲမှာ မလိုအပ်တာတွေကို ထည့်ထားရင် ဦးနှောက်ဟာ အမှိုက်ပုံးဖြစ်နေလို့ ....

ချစ်သူတစ်ယောက် လိုချင်တယ်ပြောလိုက်ရင် လူတိုင်းက ညစ်ညမ်းတဲ့အတွေး နဲ့ပဲ ...
တွေးလိုက်ကြတယ် .... တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုရဲ့ အနှစ်သာရဟာ ....
တော်တော်လေးကျယ်ဝန်းပါတယ် ..... ပါတ်ဝန်းကျင်မဲ့နေမယ်ဆိုရင် အထီးကျန်ဘ၀ ဟာ ...
ဘယ်လောက်ညီးငွေ့စရာကောင်းမလဲ ...... ပုံမှန်စကားပြောနေကျ လူတစ်ယောက် ...
တွေ့ရမဲ့အချိန်မှာ မတွေ့ရဘူးဆိုရင်တောင် ..... စိတ်အဆာမပြေချင်ဘူး ...
သူနေမကောင်းလို့လား အဆင်မပြေမှုတစ်ခုခုဖြစ်နေလို့လား ပေါ့ ......

တွေ့နေတဲ့အချိန်မှာတော့ တွေ့ဆုံရတဲ့ အရသာကိုမေ့တတ်ကြတယ် ...လူဆိုတာဒီလိုပါပဲ....
တွေ့တဲ့အချိန်တွေမှာ အနဲဆုံးမွန်းကြပ်မှုတွေ ပြေပျောက်စေချင်ပါတယ်....
အဲလိုမဟုတ်ပဲ သောကတွေ အမုန်းတွေ မကျေနပ်တာတွေ ထပ်တိုးလာမယ်ဆိုရင် ....
တစ်ခုခုတော့လွဲနေပြီပဲပြောရမယ် .... အဲဒီလိုမျိုးမဖြစ်စေချင်ပါဘူး .....

နားလည်မှုရှိတဲ့လူနဲ့တွေ့ရတာ ပြောရတာစိတ်ချမ်းသာပါတယ် .....
ခံစားမှုဟာလဲကူးစက်ပါတယ် ..... ကျွန်တော်ကတော့ ....
ကိုယ့်ကြောင့်မွန်းကြပ် တာတွေ ပြေပျောက်သွားတယ်ဆိုရင် ပျော်ပါတယ် ....

ဘယ်နှစ်ခုပေးပြီး ဘယ်နှစ်ခုပြန်လိုချင်လဲ

IPB Image
A - Accepts you as you are.


သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

“နေကောင်းရဲ့လား”ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality.

သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

mercredi 16 juillet 2008

ပျောက်နေသော နံရိုးတစ်ချောင်းသို့

IPB Image
ကိုယ်ကြီးပြင်းခဲ့တဲ့ တောင်ပေါ် အကြောင်းကို ပြောပြမယ် .....
မင်းကြီးပြင်းခဲ့တဲ့ ပင်လယ် အကြောင်းကို ကိုလဲ နားထောင်ချင်တယ် ...

give & take ဆိုတာက ရှေးခေတ်က ဗာတာ စနစ် တစ်မျိုးပါ ....
မင်းဆီကမရလဲ ကိုယ်ပေးနိုင်ပါတယ် ( လိုအပ်မယ်ဆိုရင်ပေါ့ ) ...

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မယ် ....
နားလည်မှုက ခွင့်လွှတ်ခြင်းကို မွေးဖွားပေးတယ်လေ ....

တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွမ်းနိုင်မယ် .....
ဒါဆိုရင်ထိုက်သင့်တဲ့ ပြည့်စုံမှုတော့ ရှိလာမှာပဲ ...

တစ်ယောက်နဲ့တစ်ယောက် မယုံကြည်စရာဆိုလို့ ဘာမှမရှိဘူး .....
အထင်မြင်အလွဲမှားခံရရင် နေထိုင်ရ ခက်ခဲတယ် ....

သိမ်ငယ်တဲ့ အမြင်တွေမရှိဘူး .....
အတ္တကြီးမားလွန်းရင် အနီးဆုံးပါတ်ဝန်းကျင် ပူလောင်တယ် .....

ကိုယ့်မှာရှိသမျှတွေ မင်းပိုင်ဆိုင်နိုင်တယ် .......
မင်းမှာရှိသမျှကိုလဲ စားသုံးခွင့်ပေးပေါ့ .....

လောကကြီးရဲ့ နေနည်းထိုင်နည်း တစ်ချို့ကို ပြောပြမယ် .....
စိတ်ဝင်စားမယ်ဆိုရင်ပေါ့ .....

နေတတ်ရင်ရင် ကျေနပ်စရာကြီးပါ .....

mardi 15 juillet 2008

မှောက်နေတဲ့ လက်ကလေးဖြစ်ချင်တယ်

IPB Image

မှောက်နေတဲ့လက်ကလေးပုံနဲ့ လှန်နေတဲ့လက်ကလေးပုံကို ကြည့်ရင် ....
မှောက်နေတဲ့လက်ကလေးက ပိုလှတယ် ....

ဖြစ်တည်နေမယ်ဆိုရင် မှောက်နေတဲ့လက်ကလေး ဘ၀ ကိုတမ်းတ တယ် ....
လက်ဖြန့်ခံနေရတဲ့ လှန်နေတဲ့ ဘ၀မျိုးကို မလိုချင်ပါဘူး ....

ကျေးဇူးမတင်ချင်လို့( ကျေးဇူးမတင်တက်လို့ )တော့မဟုတ်ဘူး ဒါပေမဲ့ အတက်နိုင်ဆုံးတော့ ....
ဘယ်သူကိုမှ ကျေးဇူးတင် မနေချင်ဘူး .....

ရယူခဲ့ရမှုတွေအတွက်တော့ ကျေးဇူးတရားကို နားလည်ပါတယ် .....
ဒါပေမဲ့ ရယူဘို့အတွက် ကြိုးစားနေရတဲ့ ဘ၀ ကို ညည်းငွေ့တယ် ...

သူ့ကိုဖြည့်ရင်းနဲ့ ကိုယ်ပြည့်ရတာက ပိုပြီးအရသာတွေ့တယ် ....
ကိုယ့်လုပ်ဆောင်မှုအတွက် ပြုံးနေတဲ့ (ကျေနပ်နေမဲ့ ) မျက်နှာကို သဘောကျတယ် ....

အင်းလေ .... အနဲဆုံးတော့ ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင် ကျေနပ်နေဖို့လိုလိမ့်မယ် ......

တောင့်တမှုများ

IPB Image
အမုန်းတွေမရှိ .... လက်နှက် အဆိပ်မရှိ .... ရက်စက်ခြင်းတွေမရှိ .....
ပူလောင်ခြင်းတွေမရှိ .... ကောက်ကျစ်မှုတွေ ကင်းမဲ့ ....
အထင်မှား အမြင်မှားတွေမရှိ ... ဖေးမကူညီမှုအပြည့် နွေးထွေးမှုတွေနဲ့ ...

ပျော့ညံ့တာကိုမကြိုက်ပေမဲ့ ..... နုညံ့မှုကိုတော့လိုချင်တယ် ....
ရက်စက်တာကို ရွံရှာစက်ဆုတ်ပေမဲ့ .... ရဲရင့်မှုတော့လိုသေးတယ် ....

စကားလုံးရှေ့နောက်လွဲတာနဲ့ အဓိပ္ပါယ်လွဲတဲ့ “ ကြင်နာ & နာကြင် ”
လိုရင်းကို ပြောင်းမသွားစေချင်ပါ .....

ဒါတွေက ကိုယ်တိုင်ကြိုးစားဘို့လိုသလို ပါတ်ဝန်းကျင်ရဲ့အထောက်အပံ့လဲလိုမယ်...
တစ်ယောက်ချင်းစီက တာဝန်ကျေနေရင်တော့ ဘယ်လောက်လှပနေမလဲ ....

ကိုယ်လိုတာကိုဖြည့်ပေးစေချင်ပေမဲ့ သူများလိုတာကို ဖြည့်ပေးဘို့ဝန်လေးနေသလား ...
ဒါဆိုရင်တော့လိုနေသေးတယ် ....

တစ်ဦးချင်းစီမှာ အစစအရာရာ သက်လုံကောင်းနေစေချင်ပါတယ် ....
ကိုယ်တိုင်က စပြီးကျိုးစားရမှာပဲ ....

ဖေါင်တိန် နှစ်တိန်နဲ့

IPB Image
ကိုယ်ပြန်မပေးနိုင်တာကို မတောင်းဆိုချင်ပါ .... ချစ်သူတစ်ယောက်ထံမှလိုချင်ပါသည် ။
သူ့ဘ၀ရဲ့ lion share ကိုပေါ့ ....

သြော် .... မင်းတို့ပြောတော့ white lie တဲ့လား ....
ငါသာလှေနံနှစ်ဖက်နင်းချင်နင်းမယ် .... နင်မနင်းရဘူး ...ဟုတ်လား ...

အင်းလေ .....“ မင်းတို့ဘက်မှာလဲ ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် ”...
ကိုယ်တို့ဘက်မှာလဲ ယောင်္ကျားကောင်းတော့ မောင်းမတစ်ထောင် ဆိုတာ မရှိတော့ဘူးလား ...
အင်း ... အဲလိုပြန်ပြောရင် ..... ကိုယ်ကဖေါက်ပြန်ရေးသမားကြီးကိုဖြစ်လို့ပေါ့ ......

ရည်းစားနှစ်ယောက် ထားတာကို မဖုန်းကွယ်နိုင်တဲ့အချိန်မှာ ...ဆင်ချေလေးကလဲသိပ်လှတယ်...
“ ကိုရယ် .... ကလေးတစ်ယောက်က မေမေနဲ့တွေ့ရင်မေမေကို အချစ်ဆုံးပြောပြီး ....
ဖေဖေနဲ့တွေ့ရင် ဖေဖေကိုအချစ်ဆုံးလို့ပြောတာ ကလေးမှာ အပြစ်ရှိလား ”

နားလည်ခွင့်လွှတ်ပေးတတ်သူကို တစ်ဖက်စောင်းနင်း အနိုင်ယူပြီး တရားတယ်လို့ .....
ဒါမှမဟုတ်ရင် ပါးနပ်တယ်လို့ ထင်နေတာလား ......

မင်းလေးသဘောအတိုင်းပါပဲ .... ဒါပေမဲ့ကွယ် ... အဆုံးအစ မရှိဘူးလို့ ထင်ရတဲ့ပင်လယ်တောင် ...
အနားသက် ကမ်းချေဆိုတာရှိတယ်နော် ...

ဘယ်ကိစ္စနဲ့ပါတ်သက်ပြီးမဆို မင်းလေးဝဋ်မလည်စေချင်ပါဘူး .....
အစစ်အမှန်တစ်ခု လွှဲချော်သွားနိုင်တဲ့ မင်းအတွက်တော့ စိတ်မကောင်းဘူး ....

ငှက်တွေလဲ အမြဲမပျံနိုင်ပါဘူး .... အင်းလေ မင်းလေး ဘယ်တော့မှ အတောင်မညောင်းစေချင်ပါဘူး ...
လေဟုန် စီးလို့ရနေတဲ့အချိန်မှာတော့ အတောင်တွေကို အပင်ပမ်းမခံနဲ့ဦး ....

မင်းလေးနားလည်နိုင်မဲ့တစ်ရက်ဟာ ကိုယ်တို့ နှစ်ယောက်အတွက် .....
မနှောင်းသေးတဲ့ အချိန်ဖြစ်စေချင်ပါတယ် ....

ကိုယ်ကြားဘူးတယ် “ ဆိုင်းကသာမစွန်တာ နှဲကြီးက နှစ်လက်နဲ့”
“ စာသာမရေးတက်တာ ဖေါင်တိန်က နှစ်တိန်နဲ့ ”

အင်းလေ ......

သြော် ကိုပခုက္ကူသားရယ်

IPB Image

တစ်ချိန် တစ်ခါကဖြစ်ပါသည် ...... PH7 ရေသန့်ဗူးများ စပေါ်ကာစ ကဖြစ်ပါသည် .....
ကုန်ကားမောင်းနေသော ဒရိုင်ဘာ ထမင်းဆိုင်တွင်ထမင်းစားရပ်နားသည် ......
သူ့စားပွဲအနီးတွင် အခြား စားသုံးသူ မိသားစုရောက်လာသည် ... ရေသန့်ဗူးမှာသောက်သည် ....
သူဒီလမ်းခရီးမှာ ကူးချည်သန်းချည်လုပ်နေသည် ဒေသခံရေကိုသောက်သည် ဘာမှမဖြစ်ခဲ့ ....
ရေကိုပုလင်းနဲ့ဈေးတင်ရောင်းတာကို သူလက်မခံချင် .... သူ့စိတ်ထဲ ကသိကအောက်ဖြစ်နေသည် ...
ထို့ကြောင့် သူလည်းအားကျမခံ ဆိုင်ကောင်တာကိုလှမ်းအော်သည် “ pepsi တစ်ဗူးပေးပါ ”
ထမင်းမစားခင် လက်ကို pepsi ဗူးဖွင့်ပြီးဆေးသည် ..... ထို့နောက် ဘေးစားပွဲ ၀ိုင်းကြားအောင်ပြောသည် ...
“ ငါ ပခုက္ကူသား ကွ ” .....တဲ့ ..... သြော်.... ကိုပခုက္ကူသားရယ် ...အားလုံးတော့ခင်ဗျားလိုမဟုတ်လောက်ပါဘူးဗျာ ....

တစ်ရွက်ကြားက တနှက်တံ

IPB Image
လူသားအစ မြန်မာကလို့ ပြောပြနိုင်တဲ့ ပရိုင်းမိတ်တွေ့တဲ့ ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲက ဗဟင်းရွာလေး ....
ဒေသခံတွေက “ တ ” သံ ... “ သ ” သံ .....မကွဲဘူး .... သူတို့စကားနားထောင်ရတာ ရီချင်စရာလေး ...

ရွာအရပ်ပြဇာက်ကတော့ ကြော်ငြာတဲ့လူရဲ့ လေသံကို နားထောင်ကြည့်စေချင်ပါတယ် ....
“ တဘာဝနဲ့ ဟာတ တက်တက် ကမှာပါ .... အော်ပရာက ... တမင်ဖိုနဲ့တမင်မ .....
ပြဇာက်ကသော့ ... တစ်ရွက်ကြားက တနှက်တံ .....”

နောက်နေ့သူငယ်ချင်းတစ်ယောက် ကလာပြောတယ် “ မင်းတို့မလာတော့ ချက်ထားတဲ့ ဘူးတီးနဲ့ ...
ဝက်တား တိုးလို့တွန်ပြစ်လိုက်ရတယ် ”

ဟုတ်ကဲ့ ... ကျွန်တော်တို့မြို့က လူတော်တော်များများလဲ “ င် ” နဲ့ “ န် ”” ... အသံလွဲတက်ပါတယ် ....

lundi 14 juillet 2008

စိတ်ကူး ပန်းခင်း

IPB Image
စားသောက်ဖွယ်ရာများကို တက်နိုင်သလောက် စီစဉ်ထားပါသည် ......

ကျွန်တော်ကြိုက်နှစ်သက်သော အစားအသောက်များဖြစ်ပါသည် ......
စားမိသော သူကို ဘေးဥပါဒ်မဖြစ်စေချင်ပါ ......
မနှစ်သက်လို့ အားမပေးဘူးဆိုလဲ ကျွန်တော် မတိုက်တွန်းပါ .....
သို့သော် ကျွန်တော် တက်နိုင်သလောက် ကြိုးစားထားပါသည် .....
အလှုရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြလိုသူများတွင် ..... တင့်လွင်မပါ ... ပါ ...
ထိုစားဖွယ်များကို ပါးစပ်နှင့်စား မရပါ .... မျက်စိနှင့် ၀ါးပြီး နှလုံးသားနှင့် အရသာခံပါ ....
ထိုအာရုံနှစ်ခု ချွတ်ယွင်းနေလျှင်တော့ ........

ကျွန်တော်ချို့တဲ့ပါသည် သို့သော် ရက်ရောပါသည် .....
ကျွန်တော် ချိုးချန်ပါသည် သို့သော် ကပ်စေး မနှဲ တတ်ပါ ....

မှန်အိမ်ထဲမှ သိန်းရာဂဏန်း တန်သော luck fish တစ်ကောင်မဖြစ်ချင်ပါ .....
ပင်လယ်ထဲမှ ရေဘ၀ဲတစ်ကောင် သည် ကျွန်တော်မဟုတ်ပါ .....
လင်းပိုင်တစ်ကောင် ဖြစ်အောင်တော့ ကျိုးစားကြည့်ချင်ပါသည် ....

ငြိမ်သက်စွာ ပေါက်ကွဲနေသော ဗုံးတစ်လုံးသည် ကျွန်တော်ဖြစ်နိုင်ပါသည် ....
သို့သော် မကောင်းသူထိပ် ကောင်းသူထိပ် မဖေါက်ခွဲတတ်ပါ ...

ဟီရိုရှီးမားဗုန်းကြောင့် ဒုတိယကမ္ဘာစစ် ပြီး ယုံနှင့် ထိုဗုန်းကို ကျေးဇူးမတင်ပါ ...
ထိုဗုန်းကြောင့် ခံစားခဲ့ရသူများကို ပေးဆပ်သင့်သည်ဟု မထင်ပါ ...

ဆိုဗီယက်ခေါင်းဆောင် ခရူးရှက် ဆွေးနွေးပွဲစားပွဲကို ရူးဖိနပ်နှင့်ထုသည်ကို ...
လူကြီးလူကောင်းမဆန်ဘူးလို့ မစွတ်စွဲလိုပါ ....

ဟစ်တလာ ရဲ့ “ လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ ” ဆိုတာကို ....
လုံးဝ ( လုံးဝ ) လက်သင့်မခံပါ ... ကျွန်တော် ဗုဒ္ဓဘာသာဖြစ်ပါသည် ....

အောက်စီဂျင်ကို ၀၀လင်လင် ရှုချင်ပါသည် .....
စားကောင်းသောက်ဖွယ် မဟုတ်သည့်တိုင် အဟာရပြည့်စွာ မှိဝဲလိုပါသည် ....
မျိုးစေ့ကောင်းကောင်း နှင့် စိုက်ပျိုးရန် မြေတစ်ကွက်လောက် လိုချင်ပါသည် ...

dimanche 13 juillet 2008

ထန်းသမား အတွေး

IPB Image

ထန်းပင်များ သက်တမ်းရင့်လာလေ အပင်မြင့်လာလေ တက်ရသူအတွက် ပင်ပမ်းလေ ......

ထို့ကြောင့်ဖြစ်နိုင်လျှင် .... သက်တမ်းအလွန်ရင့်သောထန်းပင်များကိုမတက်လို .....
သို့သော် ကိုယ့်တွင် ရွေးချယ်စရာအခွင့်အရေးမရှိလျှင် သက်တမ်းရင့်ထန်းပင်များကိုသာ ...
တက်နေရသော ထန်းသမားတစ်ယောက် က သူ့စိတ်ကူးကို ပါးစပ်မှထုတ်ပြောသည် ။
“ ငါသာ ရှင်ဘုရင်ဖြစ်လျှင် ထန်းပင်နိမ့်နိမ့် လေးတွေကိုပဲ ရွေးပြီးတက်မယ် ”......
သူသည် ထန်းတက်သောသူသာဖြစ်ပါသည် တစ်ခြား ဘာကိုမှမလုပ်တက် ရှင်ဘုရင်ဖြစ်ချင်သည်မှာ
ရွေးချယ်ခွင့်ကို လိုချင်သောကြောင့်တမ်းတခြင်း ဖြစ်ပါသည် ။

သနားမိပါသည် သြော် .... ရှင်ဘုရင်ဖြစ်လျှင်တောင် ထမ်းတက်နေဦးမှာတဲ့လား.....
ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ