dimanche 13 juillet 2008

နိုဘယ်လ် ရဲ့ အောင်မြင်မှု

IPB Image

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့မေးတစ်ခုကို သဘောကျလို့ တင်လိုက်ပါတယ် ......

ဆွီဒင်နိုင်ငံမှာ "နိုဘယ်လ်"လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။ ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့အဆင့်ဟာ အမြဲတမ်း ဒုတိယမှာပဲ ရှိခဲ့တယ်။ ပထမအဆင့်ကို "ပေါ်ခ်ျ" လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။ တစ်ခါက ပေါ်ခ်ျဟာ နာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ ခွင့်ရက်ရှည်ယူခဲ့ရတယ်။ ဒါကို ကျောင်းသားတစ်ချို့က နိုဘယ်လ်အတွက် ဝမ်းသာပြီး "ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့" လို့ ပြောခဲ့ကြတယ်။

ဒီအတွက် နိုဘယ်လ် ဝမ်းမသာခဲ့တဲ့အပြင် ကျောင်းမှာသင်သမျှ သင်္ခန်းစာတွေကို စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်တဲ့ ပေါ်ခ်ျကို ပေးခဲ့တယ်။ စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ၊ နိုဘယ်လ်က ဒုတိယ ရခဲ့ပြန်တယ်။

တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာခဲ့တဲ့ နိုဘယ်လ်ဟာ ဓာတုဗေဒပညာရှင် တစ်ဦးဖြစ်ခဲ့တယ်။ ယမ်းကို စတင်ထီထွင်ပြီးတဲ့နောက် သူဟာ အဆမတန် ချမ်းသာသူဖြစ်လာခဲ့တယ်။ သူသေသွားပြီးတဲ့နောက်မှာ ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်းဖို့ သေတမ်းစာလည်း ရေးခဲ့တယ်။ "နိုဘယ်လ်ဆု" အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက အတိုးရလာတဲ့ ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ၊ စာပေ၊ စီးပွါးရေး နဲ့ လူ့ငြိမ်းချမ်းရေး ဆိုင်ရာတွေအတွက် ဘဝစတေးသူတွေကို ဆုချီးမြှင့်စေခဲ့တယ်။

နိုဘယ်လ်ရဲ့ စိတ်သဘောထား ကြီးမြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့် လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့တဲ့အပြင် သူ့ကို နောင်လာနောက်သားတွေ အောင့်မေ့ သတိရနေအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ လူတိုင်းက ဒုတိယအဆင့်သာ ရခဲ့တဲ့ နိုဘယ်လ်ကို သိကြပြီး ပထမအမြဲရခဲ့တဲ့ ပေါ်ခ်ျကို မသိခဲ့ကြဘူး။

နိုဘယ်လ်ရဲ့ ပုံပြင်ထဲကနေ ကျွန်မတို့အတွက် နက်ရှိုင်းတဲ့ ခံစားချက်တစ်ခုကို ရစေခဲ့ပါတယ်။ နိုဘယ်လ် အောင်မြင်ခဲ့တာဟာ သူ့ရဲ့ ဥာဏ်စွမ်းရည် တစ်ခုတည်းကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ကြီးမြတ်တဲ့ စိတ်သဘောထား၊ သင့်မြတ်မှုနဲ့ ရက်ရောမျှဝေနိုင်မှု တွေကြောင့်ပဲဖြစ်တယ်။

တာဇံကို ဘာကြောင့် တောဘုရင်လို့ တင်စားခဲ့သလဲ? တာဇံရဲ့ အင်အားဟာ ဆင်တစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ကျားသစ်တစ်ကောင်လောက် အပြေးမမြန်ခဲ့ဘူး။ မျောက်တစ်ကောင်လောက် မထက်မြက်ခဲ့ဘူး။ တောဘုရင်လို့ သူ့ကို တင်စားကြတာက လက်နက်ကြောင့်၊ ခွန်အားကြောင့် မဟုတ်ပါဘူး၊ ဆက်ဆံရေးကြောင့်ပဲ ဖြစ်တယ်။

တာဇံဟာ တိရိစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့ခဲ့သလို သူ့တို့အပေါ်လည်း မေတ္တာထား ဂရုစိုက်ခဲ့တယ်။ တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို တိရိစ္ဆာန်လေးတွေကလည်း တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ တာဇံ အန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အချိန် ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရိစ္ဆာန်တွေက ထွက်လာပြီး သူ့ကို ကူညီခဲ့ကြတယ်။

ဒါကြောင့် အောင်မြင်တယ်ဆိုတာ "လူဘယ်နှစ်ယောက်ကို ငါနိုင်ခဲ့သလဲ မဟုတ်ဘဲ လူဘယ်နှစ်ယောက်ကို ငါကူညီခဲ့သလဲ" ဆိုတာပဲဖြစ်တယ်။ ကိုယ်ကူညီခဲ့သူ များလေလေ၊ ဆက်ဆံရေး ကျယ်ပြန့်လေလေ၊ ကိုယ်အောင်မြင်လေလေပါပဲ။

Aucun commentaire:

ကျေးဇူးပါ .. နောက်စာမျက်နှာသို့သွားလိုလျှင် Message plus anciens ကလစ်ပါ