ဘ၀တစ်ခုကို ကလေး လူကြီး ယောင်္ကျား မိန်းမ လူသားအားလုံးအပြင်သတ္တ၀ါအားလုံး ပိုင်ဆိုင်ရရှိထားကြသည်မှာ အမှန်ဖြစ်သည် ။ ဘ၀ဟုဆိုရာမှာ “ ဘ ” နှင့် “ ၀ ” စာလုံးလေး နှစ်ခုပေါင်းစပ်ထားခြင်းဖြစ်ပါသည် ။ သို့သော် အဓိပ္ပါယ်ကား ကျယ်ဝန်းလှပေသည် ။ မည်မျှ ကျယ်ဝန်းလှပါသလဲဟုမေးခဲ့သော် အဆုံးမရှိကျယ်ဝန်းလှပါ၏ ဟုပင် အဖြေပေးရမည်ဖြစ်ပါသည် ။ မဟာသမုဒ္ဒရာပင်လယ်ကြီးသည် ချေကျင်း မျှပမာဏရှိသော နေရာမှ တဖြည်းဖြည်း အသူရာနက်သောပမာဏ ရှိသကဲ့သို့ ဘ၀အစမှလေ့လာပါက တဖြည်းဖြည်း ပိုမိုနက်ရှိုင်းသော
အဆုံးအစမရှိသောအဖြစ်ကိုတွေ့ရှိရပေမည် ။
မိမိရရှိထားသောလူ့ဘ၀ကို ကောင်းစွာသိရှိ သဘောပေါက်ရန်အထူးအရေးကြီးလှပေသည်
.... ဟုယူဆလျှင် ဘ၀ပြဿနာကို တင်ပြလိုက်ပါသည် ။
ပြဿနာအစသူလေးက
တစ်နေ့တွင်မိတ်ဆွေတစ်ယောက် ရောက်ရှိလာပြီး “ဘ၀ဆိုတာကို နားမလည်တော့ဘူးကွာ ”
ဟုလှိုက်လှိုက်လှဲလှဲ ညည်းတွားသံကိုကြားလိုက် ရသည်နှင့်တစ်ပြိုင်နက် မိမိလည်း တစ်ချိန်က
နားလည်သည်ဟုထင်မှတ်နေခဲ့သော “ ဘ၀ ” ဆိုတာကို သုံးသက်ဆင်ခြင်မိပါသည် ။
လူ့ဘ၀ ၊ ခွေးဘ၀ ၊ ၀က်ဘ၀ ၊ ဟုသာအလွယ်တကူ မှတ်ယူသုံးစွဲခဲ့သည် ။ လူသည် ဘ၀မဟုတ်
ခွေး .... နှင့် ဘ၀ တစ်ခြားစီရှိနေသည်မှာထင်ရှားသည် ။ ထိုမှစပြီး ဘ၀၏ အဓိပ္ပါယ်ကို
ရှာပုံတော် ဖွင့်ခဲ့ရပါတော့သည် ။
ထိုနေရာတွင် မိတ်ဆွေ၏အဖြစ်အပျက်လေးကိုတင်ပြလိုပါသည် ။ ခရိုင်မြို့ကြီးတစ်မြို့တွင်
မြို့၏မျက်နှာဖုံးဖြစ်သော အာဏာပိုင်အဖွဲ့အတွင်းစည်းတွင် ထိပ်ဆုံးမှပါဝင်သော သူတစ်ဦး၏
အိမ်တွင်ဝင်ထွက်သွားလာခွင့်ရနေသည် ။ ကြက်သရေမင်္ဂလာ အပေါင်းခညောင်းလျှက်ရှိသော
အိမ်ကြီးတွင် သမီးပျိုလေးတစ်ယောက် ..... ရွှေပေါ်မြတင် အဆောင်အယောင် အပြည့်အစုံနှင့်
ဥစ္စပေါ ရုပ်ချော ကျောင်းဆင်းကျောင်းတက်ကို ထိုခေတ်အခါက ကားဖြင့်သွားရသည်မှာလည်း
ရှာမှရှား ..... ထိုအခွင့်အရေးကို ပိုင်ဆိုင်ထားသည် ။
ထိုသမီးပျိုလေး၏ လှုပ်ရှားသွားလာနေထိုင် ဆက်ဆံကြသော ၀န်းကျင်တစ်ခုလုံး၏မြှောက်စားမှုဖြင့်လည်း တောက်ကြွားလှပေ၏ ။ မိတ်ဆွေသည် ထိုသမီးပျိုလေး အားကြည့်ပြီးထာဝရ ပီတိတွေဖြာခဲ့ရသည် ။ မိမိအနေနှင့် ပိုင်ဆိုင်ရယူလိုမှုမှာ ဝေးစွ ထိုသမီးပျိုနှင့်ထိုက်တန်သည့် ယောင်္ကျားကိုပင် မတွေ့မမြင်ခဲ့ပါပေ ။ တစ်နေ့သောအခါတွင် ထိုသမီးပျိုလေးသည် ကားမောင်းသမားနှင့် ခိုးရာလိုက်ပြေးသတဲ့ ဆိုသော သတင်းကိုကြားလိုက်ရတော့ ကြားကမထွားကခါးမနာပဲ မိတ်ဆွေတစ်ယောက် ရင်နာပြီးဘ၀သံဝေ ရစေခဲ့ပါတယ် ။ သြော် .... ဘ၀ .... ဘ၀ .......
ကမ္ဘာ့ပညာရှင်များ၏ ဘ၀ အမြင်
ကမ္ဘာပေါ်ရှိ ပညာရှိကြီးများသည် ဘ၀ကိုရှုထောင့်အမျိုးမျိုးမှ ရှုမြင်သုံးသက်ခဲ့ကြသည် ။ Life is up hill journey “ ဘ၀ဆိုတာ တောင်တက်ခရီးတစ်ခုလိုပါပဲ ” တဲ့ .... ဟုတ်ပါတယ် မိမိ၏ဘ၀လေးကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင်တက်လှမ်းနေရတာပဲ မဟုတ်ပါလား ထိုပညာရှင်၏ ရှုမြင်မှုသဘောတရားကိုကျေနပ်မိခဲ့ပါသည် ။ တစ်ဦးကတော့ Life is consist strangle “ ဘ၀ဆိုတာရုန်းကန်မှုတစ်ခုပါပဲ ” ဟုရှုမြင်သုံးသပ်ပြန်ပါတယ် ။ အမိဝမ်းတွင်းရုံးကန်လှုပ်ရှားပြီး ထွက်မြောက်လာသော သတ္တ၀ါတစ်ခုသည် လောကကြီးထဲတွင်ရောက်ရှိလာပြီး ဆက်လက်ရုန်းကန်လှုပ်ရှား ရပြန်ပါသည် ။ နို့ချိုသောက်ရရန် ငိုရ ။ ပညာရေး တစ်ဆင့်ထက်တစ်ဆင့်တက်ရန် ရုန်းကန်ရပြန်ပါတယ် ။ ထိုမှမှတစ်ဆင့် စီးပွါးရေး လောက ဘာသာရေးလောက စသည်ဖြင့်ရုန်းကန်လှုပ်ရှားရင်း ဘ၀နိဂုံးတပါတ် အဆုံးသက်ကြရပြန်ပါတယ် ။
ဗုဒ္ဓ ၏လောကအမြင်
ဇာတိ ဇရာ ဗျာဓိ မရဏ တည်းဟူသော သတ္တ၀ါတစ်ခု၏ ဖြစ်စဉ်ကြီးတစ်လျှောက် ကို သဗ္ဗညုတဥာဏ်တော်ဖြင့်ရှုမြင်တော်မှုတယ်လို့ စာပေ ပဋိယတ်အဆိုအမိန့် များအရသိရှိရသည် ။ သာဝကကြီးများသော်မှ ထိုသန္တတိအစဉ်ကြီးကို အနုမာဏဖြင့် ထောက်ဆယုံကြည်ရသည် ။ ရေအလျှင် မီးအလျှင်ပမာ ဆက်စပ်ရွှေ့လျှား ဖေါက်ပြန် ပြုပြင်ပြောင်းလဲနေသည့်သဘောသဘာဝကို ဥပါဒ် ၊ ထီ ၊ ဘင် ၊ ခဏငယ်သုံးချက်နှင့် တကွ ဆက်စပ်ဖြစ်နေသော ဇောခုနှစ်ကြိမ်ကျရောက်ပုံစာပေတွင်တွင်အတိအကျ
ရှိပြီး သင်ယူခဲ့ကြရသည် ။ ထိုသင်ကြားတတ်မြောက်လာသောအသိသည် အသိသာ
ဖြစ်ပြီး ကိုယ်တိုင်မသိနိုင်သည်ကို သတိမမူနိုင်ပဲ ငါသိထင်ပြီး စွဲမြဲစွာ ယုံကြည်ကြသည် ။
လက်ဖြစ်တစ်တွတ်တွင် ကုဋေတစ်သိန်း ချုပ်နေသော အစဉ်ကြီးတစ်လျှောက်ကို
မည်သို့သိနိုင်ပါမည်နည်း သာဝကအရာမဟုတ် ရွှေဥာဏ်တော်မြတ်၏ အရာသာ
ဖြစ်ကြောင်းကြည်ညိုပူဇော်ဖြစ်သည် ။
ထိုသာဝကတို့ သိနိုင်မြင် ၀ိပဿနာဥာဏ်ဝင်နိုင်သော သာမညလက္ခဏာကိုသာ
ဟောတော်မူခဲ့သည် ။ တစ်အာရုံတစ်စိတ်ဖြစ်သော ဥဒယ - ၀ယ ကိုပင် မှိအောင်
မနည်း အားထုတ်ယူကြရသည် ။ သဘာဝလက္ခဏာဖြစ်သော ခဏငယ် သုံးချက်
နှင့်တစ်ကွ “ ဖြစ် ” “တည်” “ပျက်” ( ဥပါဒ် ၊ ထီ ၊ ဘင် ) ကိုမြတ်စွာဘုရား ရှင်၏
ရွှေဥာဏ်တော်အရာသာဖြစ်ကြောင်း သာဝက မသိနိုင် မမြင်နိုင်ကြောင်းကို
ဖေါ်ပြခြင်းဖြစ်ပါသည် ။
မြတ်စွာဘုရားရှင်တော်မြတ်သည် မွေး - သေ ကို ဘ၀ ဟု သုံးသက်တော်မူသည်နှင့်
လောကသမုတိအများမြင် ပုခက်နှင့် ခေါင်း ကြား ကာလတစ်လျှောက် တွင်ဘ၀တစ်ခု
ဟုသုံးသက် နိုင်၏ ။ သို့သော် ထိုပုခက်နှင့်ခေါင်းကြားကာလတွင် အစိတ်အကြဲ
အမျိုးမျိုး တွေ့မြင်ပြန်၏ ။ အချို့မှာ မွေးစမှာပင် ခေါက်ကနဲ အသက်ပျောက်သွားကြ
သလို အချို့မှာ မူ နှစ်ရာချီပြီး ရှည်ကြာစွာ ပုည , အပုည - သင်္ခါရတွေပြုခွင့်
ရကြပြန်သည် ။ ထို့ကြောင့် အစိတ်အကြဲ အမျိုးမျိုး တွေ့ရပြန်သည် ။
အထူးသဖြင့် မွေး , သေ ဟူသောဇာတိ , မရဏ , ဟူသော တရားသည် မိမိကိုယ်တိုင်
မိမိဘ၀ - ကို မမြင်မသိနိုင်ခြင်းဖြစ်သည် ။ တစ်ပါးသူ၏ မွေး , သေကို ကိုယ်တိုင်ပင်
အသုဘပို့ခဲ့ရပေါင်းများ များလှပါ၏ ။ မိမိ၏သေခြင်းကို သိနိုင်ပါ၏လော ..............
စဉ်းစား သုံးသက်သင့်၏ ။ ဆိုလိုသည်မှာ မွေး , သေ ဟူသောသမုတိဇာတိ - သမုတိ
မရဏ သည် ကိုယ်တိုင် သံဒိဋ္ဌိ ကဓမ္မ မဖြစ်နိုင်သောကြောင့် ၀ိပဿနာမ၀င်ကြောင်း
ကိုးလွယ် - ဆယ်လဖွားခဲ့ရသော ပဋိသန္ဓေကာလတွင် - အစာသစ်အိမ်ကျောပိုးပြီး
အစာဟောင်းအိမ်ကိုဖင်ခုထိုင်နေခဲ့ရသော ပဋိသန္ဓေ ဇာတိဒုက္ခသည် သံဝေဂဥာဏ်
အတွက်သက်သက်သာဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျ သိခွင့်ရသော သံဒိဋ္ဌိက ဓမ္မ
မဖြစ်သောကြောင့်ဝိပဿနာနယ်တွင် အကြွမ်းမ၀င်ကြောင်းကို သံဒိဋ္ဌိကော -
သာမံပတ္တိတမ္ဗော ကိုယ်တွေ့မျက်တွေ့မမြင်နိုင်ကြောင်းတင်ပြခြင်းဖြစ်သည် ။
ဘ၀တစ်ခုဖြစ်ပေါ်လာသော ဖြစ် ၊ တည် ၊ ပျက် ( ဥပါဒ် ၊ ထီ ၊ ဘင် ) ဆိုသည့် သဘာဝ
လက္ခဏာကို သုံးသက်ဆင်ခြင်ခွင့်မရနိုင်ကြောင်းရေးသားပြီးနောက် သုံးသက်ဆင်ခြင်
နိုင်သည့် သာမည လက္ခဏာဖြစ်သော ဥဒယ , ၀ယ ကိုတင်ပြလိုသည် ။ ထိုဥဒယ (ဖြစ်)
ဝယ( ပျက် ) သဘောတစ်ခုကိုထင်ထင်ရှားရှား တွေ့မြင်သိရှိနိုင်ကြောင်း ၀ိပဿနာ
ဥာဏ်စဉ် ၁၀ ပါးတွင် ထင်ရှားစွာ ပြထားသည် ။
မရှုမြင် မဆင်ကြင် နိုင်သော ဘ၀ပြဿနာများကိုချန်ထား ပြီး မိမိတို့ ရှုမြင်သုံးသက်
နိုင်သော ဘ၀ကိုသာ အကျိုးအကြောင်းအဆိုးအကောင်းဖြစ်စဉ်ဖြစ်ရပ် များကို ရေးမှတ်
သွားမည်ဖြစ်သည် ။ ဘ၀ ဟူ၍အဖြစ်တစ်ခုကို သေချာ ဂဏ ရှာဖွေစိစစ်ကြည့်ရှုသည့်
အခါ မြင်မှု ၊ နံမှု ၊ ကြားမှု ၊ စားမှု ၊ ထိမှု ၊ သိမှု ၊ ဆိုတဲ့အာရုံနှင့် အာရန်မဏိက နှစ်ခုပေါင်း
ဆုံမိရာမှ ဖြစ်လာပြီး ရုတ်တရက် ပျောက်ပျက်သွားတာကို စိုက်စိုက်စူးစူး ကြည့်ပါက
ထင်ရှားစွာတွေ့မြင်လိုက်နိုင်ပါ၏ ။ မြင် ၊ ကြား ၊ နံ ၊ သိ ၊ ထိ ၊ စား ၊ - အာရုံနှင့် ၊ အာရန်
မဏိက တို့တိုက်ဆိုင်တဲ့အခါတိုင်း မှာပင် ခံစားမှု ၊ မှတ်သားမှု ၊ သိမှုတို့သည် ၄င်းတို့၏
ကိစ္စကို ဆောင်ရွက်ပြီး ချုပ်ပျောက်သွားတာကို ဓမ္မနိယာမ အတိုင်းဆောင်ရွက်ကြသည် ။
ထိုသို့ဖြစ်နေသော ဆောင်ရွက်နေသော သဘော သဘာဝတ္ထ ကိုပြောဆိုဆွေးနွေးနိုင်ရန်
ဝိဇ္ဇာ မာန ပညတ်တင်၍ ခန္ဓာငါးပါးဟု ဖောက်ပြန်သဘော ၊ ခံစားတတ်သောသဘော ၊
မှတ်သားတတ်သောသဘော ၊ ပြုပြင်တတ်သောသဘော ၊ သိတတ်သောသဘော ၊ ဟူ၍
ရူပက္ခန္ဓာ ၊ ဝေဒနက္ခန္ဓာ ၊ သညက္ခန္ဓာ ၊ သင်္ခါရက္ခန္ဓာ ၊ ၀ိညာနက္ခန္ဓာ ဟူ၍ ၀ိဇ္ဇာ ညဏ်မြင်ဖြင့်
ပညတ်တင်၍ ခေါ်ဆိုကြပါသည် ။ ထို့ကြောင့် အများသူငါ ၀ိပဿနာ ရှုမှတ်ပွါးများနေကြရ
သော ခန္ဓာငါးပါးသည် ၀ိဇ္ဇာ မာန ပညတ်သာဖြစ်လေသည် ။
ထို့ကြောင့်ဝိပဿနာ ကို ၀ိဂြိုဟ် ၀စနတ္ထ ပြုကြသောအခါ “ ပညတ္ထိံ တပေတွာ ” ပညတ်
ကိုခွာလှပ်၍ ဟု ပရမတ္ထဓမ္မ ဖြစ်သော အမှန်ရှိနေဖြစ်နေ သော သဘော သဘာဝတ္ထကို
သိရေးမြင်ရေး အတွက် ညွှန်ပြထားတော်မူခဲ့ကြသည် ။ သို့သော် ၀ိဇ္ဇာ မာန ပညတ်ကို
သောင်တင်၍ ပရမတ်ကိုမရှုမြင်သူများလှပေသည် ။ အမှန်စင်စစ် ပညတ်ကိုဖောက်ထွင်းပြီး
ပရတ်စစ်စစ်ကို မြင်တွေ့ ရှုမှတ်ပွားများရမည်ဖြစ်သည် ။
အကယ်၍များ ပရမတ် သဘောကို မြင်တွေ့ငြားအံ့ ထိုပရမတ္ထသဘာဝကို ရှုပွားမှတ်ထင်နေ
သောအချိန်တွင် ငါ - သူတစ်ပါး - ယောင်္ကျား - မိန်းမ ၊ တည်းဟူသော ပုဂ္ဂိုလ် သတ္တ၀ါ မရှိ
ကြောင်း ၊ မဟုတ်ကြောင်း ကို ကိုယ်တိုင်ကိုယ်ကျ သံဒိဋ္ဌိကဓမ္မ လက်တွေ့ မျက်တွေ့ မြင်တွေ့
ရမည်အမှန်ဖြစ်သည် ။ တစ်ကယ်မရှိ အဟုတ်မရှိသော တရားများပျောက်ကွယ်၍ တစ်ကယ်
ရှိ၍ အဟုတ်ရှိသော စိတ် - စေတသိတ် - ရုပ် ဆိုတဲ့ သိသဘော ၊ ခံစားသဘော ၊ ဖောက်ပြန်
နေတဲ့သဘော ဖြစ်တဲ့ “ သင်္ခတပရမတ္ထဓမ္မ ” ကိုသာတွေ့မြင်နေရမည်မှာသေချာလှပေ၏ ။
တစ်ကယ်မရှိ အဟုတ်မရှိသော ပညတ် နိမိတ် ပညတ်အရိပ်များ ပျောက်ကွယ်၍ တစ်ကယ်ရှိ
အဟုတ်ရှိနေသောသင်္ခတပရမတ် သဘောသည် မည်သို့ရှိနေပါသနည်း ဆိုသော် ဖြစ်ပျက်
ပြုပြင်ပြောင်းလွဲနေသော သဘော ၊ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်ပြုပြင် ပြောင်းလွဲနေ
သောသဘော ၊ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်ပြုပြင်ပြောင်းလွဲဖောက်ပြန်နေသော
သဘောကို သိရှိရှုမြင်နေအချိန်တွင် အတ္တဒိဋ္ဌိ ၊ သက္ကာယဒိဋ္ဌိ ၊ တို့မှကင်းလွတ်လျှက် အရှိကို
အရှိအတိုင်းသိမြင်သော သမ္မာဒိဋ္ဌိ အမှန်မြင်သောညဏ်ရရှိရန် အရေးကြီးသည် ။ ထိုသို့
အရှိကိုအရှိအတိုင်း သိနေသောအချိန်တွင် မဇ္ဈိမ ပဋိပဒါ အကျင့်မြတ်သည် အလယ်လမ်း
အကျင့် အစွန်းလွတ်အကျင့်မြတ်ဖြစ်သည် ။ လက်ဝဲစွန်း ဖြစ်သော အတ္တကိလမထာနုရောဂ
အကျင့်မှ၎င်း လင်္ကျာစွန်းဖြစ်သော ကာမသုခလ္လိက သတ္တတ အစွန်းမှ အလွတ်ဖြစ်သော
အလယ်လမ်း မဇ္ဈိမ ပဋိပဒါ အကျင့်မြတ်လမ်းအမှန်ဖြစ်သည် ။ ထို့ကြောင့် ဓမ္မစင်္ကြာတရား
ဦး တွင် ( မဇ္ဈိမပဋိပဒါ ၊ တထာဂတေန ၊ အဘိသမ္ဗုဒ္ဓါ ၊ စက္ခုကရဏီ ၊ ဥာဏကရဏီ ၊
ဥပသမာယ ၊ အဘိညာယ ၊ သမ္ဗောဒါယ ၊ နိဗ္ဗာနနာယ ၊ သန္ဓတ္တတိ ) ဟုအတိအလင်း ဖွင့်ဆို
တော်မူခဲ့သည် ။
“ဘူတံဘူတတော ပဿတိ ” ဟုတ်တိုင်းမှန်စွာသုံးသတ်ဆင်ချင်နေချိန်တွင် စိတ် ၊ စေတသိတ်
ရုပ် ၊ တို့သည် သင်္ခတ တရားများဖြစ်ကြသည့်အလျှောက် ဖြစ်ပျက် ဖောက်ပြန် ပြုပြင်ပြောင်းလဲ
ပျက်စီးလျှက် သူ့သဘောသူဆောင်နေကြသည် ။ ကိုသိလျှက် မြင်လျှက် ရှိသည် ။ စိတ်
စေတသိတ် ရုပ် ဟုဆိုအပ်သော သင်္ခတပရမတ်သဘောတရားတို့အား သင်္ခတ ပရမတ် တရား
တွေပါလားဟု ရှုမြင် သုံးသတ်နေချိန်တွင် အမှန်ကို အမှန်အတိုင်းသိနေ/မြင်နေ - သည်ဖြစ်၍
သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်ပါသည် ။ မရှုမဆင်သော အရောနိသောမနသီကာရ ဖြစ်နေသောအချိန်အခါ
များတွင် အ၀ိဇ္ဇာနှင့် တဏှာ ဦးစီးလျှက် ၀ဋ်ကို လည်စေသော ပုညဘိသင်္ခါရနှင့် ၊ အပုညဘိ
သင်္ခါရ ကို ပြုကြပြန်သည် ။ ထိုနေရာတွင် ရောနိသောမနသီကာရ နှလုံးသွင်းမှန်ကန်စွာဖြင့်
ဝိဇ္ဇာဥာဏ်ဖြင့် ပြုသော ပုညဘိသင်္ခါရကုသိုလ်မှုကို ပြုပါက ၀ဋ်ပြတ်ပါသည် ။ ၀ဋ်ပြတ်ပါက
ဘ၀ ပြတ်ပါသည် ။
ဘ၀ရှိသည့် အတွက် ဘုံရှိလာသည် ။ ထို့ကြောင့် ဘ၀၏ ကျင်လည်ကျက်စားရာ “ ၃၁ဘုံ ”
ပင်တည်ဆောက်ခဲ့ရသည် ။ အကုသိုလ်ပြုမူသူများ အပါယ် ၄ ဘုံ ၊ ကုသိုလ်မှု ပုံညာဘိသ
င်္ခါရ မှုပြုသူများအတွက် နတ်ပြည် ၆ထပ် နှင့် လူ့ပြည် အာနဉ္စဘိသင်္ခါရမှုပြုသူများအတွက်
ဗြဟ္မာဘုံ ၂၀ အားလုံးပေါင်း ၃၁ဘုံ ဖြစ်သည် ။
ဘ၀ပေါင်းများစွာ ကျင်လည်ကျက်စားလာသော ဘုံများကို ညွှန်ပြခဲ့သလို ဖြစ်လာသမျှသော
ဘ၀တိုင်း မှာလည်း ၀ဋ်ဒုက္ခများသာဖြစ်ကြောင်း ထင်မြင်လာအောင် ဟောညွှန်ပြခဲ့ပါသည် ။
ဘ၀ များကိုတည်ဆောက်ခဲ့သော တဏှာယောင်္ကျားလက်သမားကို ဘုရားဖြစ်လျှင်ဖြစ်ခြင်း
ကြုံးဝါးတော်မူခဲ့သည် ။ ဘ၀ စ၍ဖြစ်ပုံဟောညွှန်ခဲ့သလို ဘ၀ ၏ချုပ်ရာကိုလည်း
ညွှန်ပြခဲ့သည် ။ “ ဥပါဒါန ပစ္စယော ဘာဝေါ ” ဥပါဒါန်ကြောင့် ဘ၀ဖြစ်သလို ဥပါဒါန်ချုပ်၍
ဘ၀ ၏ချုပ်ကြောင်းကို ကိုယ်တိုင်ကိုယ်ကျ သံဒိဋ္ဌိကဓမ္မ လက်တွေ့မျက်တွေ့ ရှုမြင်သုံးသတ်
ဆုံးဖြတ်နိုင်သောဥာဏ်အမြင်ရှိသူများ သိနိုင်ပါကြောင်းတင်ပြအပ်ပါသည် ။
ဘ၀ခန္ဓာတို့ မပြတ်ဖြစ်ရာ သံသရာ ဟုခေါ်ဝေါသမုတ် ခဲ့ကြသော သင်္ခတ တရားပေါ်တွင်
အ၀ိဇ္ဇာ တဏှာ ဦးဆောင်၍ ပဋိစ္စသမုတ်ပါဒ စက်ရဟတ်ကြီးကို ၀ိဇ္ဇာဥာဏ် အလင်းဓါတ်ဖြင့်
ရပ်နိုင်ကြောင်းကို စက္ခုံ ဥဒပါဒိ ဥာဏံဥဒပါဒိ ပညာဥဒပါဒိ ၀ိဇ္ဇာဥဒပါဒိ အလောကောဥဒပါဒိ
တည်းဟူသော စက္ခု ငါးမျိုးဖြင့် ဘ၀ သံသရာဝဋ် ဒုက္ခအစဉ်ကို လွတ်ရာလမ်းစ ကို ပြတော်
မူခဲ့သည် ။
ဘ၀ ၀ဋ်ဒုက္ခ အစဉ်ကြီးကို ဆင်းရဲကြောင်းအမှန် ဖြစ်နေသည်ကို ပိုင်းပိုင်းခြားခြား
ခြားခြား နားနား သိရေး မြင်ရေးအတွက် ပရိညာ ကိစ္စ ဖြင့် သိအောင်အားထုတ်နေခြင်းသည်
တရားအလုပ်ပင်ဖြစ်သည် ။ ဖြစ်ပေါ်လာသမျှသော အကျိုးတရားဟူသမျှတို့သည် ဆင်းရဲခြင်း
အမှန်ဖြစ်နေသည်ကို အရိယာမျက်လုံးဖြင့် မြင်သိနေခြင်းသည် ဒုက္ခအရိယာသစ္စာ
ပင်ဖြစ်သည် ။ ( ဒုက္ခ သစ္စာ ပရိညာ )
ထိုဒုက္ခတရားအပေါင်းအားဖြစ်စေတတ်သော အလို သမုဒယတဏှာ သည် သမုဒယသစ္စာ
ဖြစ်သည် ။ အလိုသမုဒယအား ပါယ်သက်လိုက်ပါက အကျိုးဒုက္ခ ချုပ်သည် ။ ထို့ကြောင့်
သမုဒယသစ္စာ ( မဟာတဗ္ဗ ) ပယ်ရမည့်တရား ဖြစ်သည် ။
သမုဒယ သစ္စာ ကိုပယ်သက် ပြီး အကျိုးဒုက္ခချုပ်တာကိုသိ၍ ချုပ်ရာ ကိုသာ
မျက်မှောက်ပြုနိုင်ခြင်းသည် နိရောဓ သစ္စာ ( သစ္ဆိ ကာတဗ္ဗ ) မျက်မှောက်ပြု ခြင်းဖြစ်သည် ။
ထိုဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်းကိုပွားများအားထုတ်နေခြင်းသည် မဂ္ဂသစ္စာ
( ဘာဝေတဗ္ဗ ) ပွားများခြင်းဖြစ်သည် ။
ဘ၀၏ အစဖြစ်ရာဖြစ်ကြောင်း ကို၎င်း ဘ၀၏ချုပ်ရာ ချုပ်ကြောင်း ကို၎င်း တိတိကျကျ
ညွှန်ပြတော်မူခဲ့သည် ။
ဘ၀၏ ၀ဋ်ဒုက္ခ အပေါင်းမှ လွတ်မြောက်တော်မူသော ရှင်တော်မြတ်ဘုရာ၏ ဘ၀ အမြင်
တစ်စိတ်တစ်ဒေသကို လေ့လာ ဖတ်ရှုကြသော ဘ၀ သံသရာ ၀ဋ်ဒုက္ခအပေါင်းမှ
ထွက်မြောက်လိုသူများ အတွက် လွတ်မြောက်ဥာဏ် တစ်စိတ် တစ်ဒေသရကြပါစေ ....
ဟု ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါသည် ။
“ သုခိတာဟောထ ဒုက္ခမုဉ္ဇတ္ထ ”
ဦးလာဘသာမိ
မူလ - မဇ္ဈိမ
၁၃၇၀ ခု ၀ါခေါင် လ္ဆန်း ၉ ရက် နံက် ၂း ၃၀
samedi 9 août 2008
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire